တိုင်းလွှတ်တော်ဝင်းအတွင်း M-150 အသုံးပြု ပေါက်ကွဲမှု ၄ ဦးမြောက် တရားလိုပြသက်သေ လာထွက်ဆိုခြင်းမရှိ

တိုင်းလွှတ်တော်ဝင်းအတွင်း M-150 အသုံးပြု ပေါက်ကွဲမှု ၄ ဦးမြောက် တရားလိုပြသက်သေ လာထွက်ဆိုခြင်းမရှိ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၂ ။            ။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဝင်းအတွင်းဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့် ပတ်သက်၍ လေးဦးမြောက်တရားလိုပြသက်သေဖြစ်သည့် ဦးကျော်ညွှန့်ကို ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် လာရောက်ထွက်ဆိုရန် ချိန်းဆိုထားသော်လည်း လာရောက်ခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။

ထိုသို့ လေးဦးမြောက်တရားလိုပြသက်သေ ဦးကျော်ညွှန့် လာရောက်ထွက်ဆိုခြင်းမရှိသည့်အတွက် လာမည့် မတ် ၁ ရက်နေ့ကို ထပ်မံရုံးချိန်းခဲ့ကြောင်း သိရသည်။

“ အခုထွက်ဆိုမှာက လေးယောက်မြောက်တရားလိုသက်သေ ဦးကျော်ညွှန့်ပါ။ သူက ပေါက်ကွဲမှုဖြစ်တုန်းက လ.ဝ.က စာရေးမဖြစ်တဲ့ ဒေါ်မာဂရက်ဘေးမှာ တွေ့ခဲ့ရတဲ့သူပါ။ မလာတော့ မစစ်ဖြစ်တော့လို့   နောက်တစ်ချိန်းကြရင် သူ့ကို စစ်မှာပေါ့ ”ဟု အထက်တန်းရှေ့နေ ဒေါ်သဇင်အေး ကပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အနောက်ပိုင်းခရိုင်တရားရုံး၌ ပထမ တရားလိုပြသက်သေ ဒဂုံမြို့မရဲစခန်းမှူး ဒုရဲမှူးတင့်ဆွေက သက်သေခံပစ္စည်းများ လာရောက်တင်သွင်းခဲ့သည်။ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဒုတိယတရားလိုပြသက်သေ လမ်းမတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးညွှန့်လွင်ဦးနှင့် ၁၅ ရက်နေ့တွင် တတိယမြောက် တရားလိုပြသက်သေဖြစ်သည့် ရန်ကုန်တိုင်း လဝကမှ  လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်တို့က ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး လာရောက်ထွက်ဆိုခဲ့ပြီး ဖြစ်သည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်မှာ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့၊ ညနေပိုင်းအချိန် ဒဂုံမြို့နယ် အနောက် ဘက် ပြည်လမ်းရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဝင်းအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန စြင်္ကန်လမ်းအနီးတွင် တစ်ကြိမ်၊ အပေါ်ထပ်နှင့် အောက်ထပ်သွယ်တန်းထားသည့် ရေပိုက်နေရာတွင် တစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းနေရာနှင့် တစ်ပေအနီးတွင် မပေါက်ကွဲသေးသည့် M – 150 အချိုရည် ပုလင်းတို့အား တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာမှ ဖန်ကွဲစများနှင့် မပေါက်ကွဲသေးသည့် အချိုရည်ပုလင်းတို့အား အမှတ် ၉ဝ၅ စစ်မြေပြင်အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူများက သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါပေါက်ကွဲမှုများနှင့် ပတ်သက်၍ ကျူးလွန်သူဟု သံသယရှိသူ ခင်မောင်ရွှေ(ခ) ရာကွတ်၊ စိုးဝင်း(ခ) အလီ၊ စိုးမင်းဇော်(ခ) သားငယ်နှင့် ကျော်သူ(ခ) ကျော်ကျော် တို့အား ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဒဂုံမြို့မရဲစခန်းတွင် ဒုရဲမှူးတင့်ဆွေက ပ - ၂၂၉/၂ဝ၁၆ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ အနောက်ပိုင်းခရိုင်တရားရုံးမှလည်း အဆိုပါသံသယရှိသူ ၄ ဦးကို အမှုကြီးအမှတ် ရာကြီး ၁၃၆/၁၆ ဖြင့် စစ်ဆေးလျက်ရှိပြီး ၁၉ဝ၈ ခုနှစ် ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများ အက်ဥပဒေ (၃) ဖြင့် တရားစွဲဆိုထားသည့်အပြင် သံသယရှိသူ ခင်မောင်ရွှေ(ခ) ရာကွတ်ကို ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မရမ်းကုန်းမြို့နယ်၊ Ocean Center အများသုံးအိမ်သာခန်း အမှိုက်ပုံးအတွင်း ပေါက်ကွဲမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ်စခန်းမှူး ရဲအုပ်ဘိုထင်ကျော်က အနောက်ပိုင်းခရိုင်တရားရုံးတွင် အမှုကြီးအမှတ် ၉/၁၇ ဖြင့် ထပ်မံတရားစွဲဆိုထားကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုမတိုင်မီ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ Ocean Center မြေညီထပ်ရှိ အများသုံးအိမ်သာခန်း အမှိုက်ပုံးအတွင်း အသေးစားပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၂ဝ ရက်နေ့တွင်လည်း ဒေါပုံမြို့နယ်၊ Capital Hypermarket ပထမထပ်ရှိ ပလပ်စတစ်ပစ္စည်းအရောင်းခန်းမတွင် တစ်ကြိမ်၊ မြေညီထပ် မုန့်အရောင်းခန်းမတွင် နှစ်ကြိမ် အသေးစား ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ နိုဝင်ဘာလ ၂၄ ရက်နေ့တွင်လည်း ဒဂုံမြို့သစ်တောင်ပိုင်း၊ ၆၄ ရပ်ကွက်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံး ပထမထပ်ရှိ သန့်စင်ခန်းအတွင်းနှင့် သန့်စင်ခန်းအပြင်ဘက်ရှိ အမှိုက်ပုံးတွင် ၅ ကြိမ်ခန့်ထိ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required