အိုင်စီစီမှ နှုတ်ထွက်ရန် စီစဉ်နေသည့်အစိုးရအား ဆန့်ကျင်၍ တောင်အာဖရိက တရားရုံးအမိန့်ချမှတ်

အိုင်စီစီမှ နှုတ်ထွက်ရန် စီစဉ်နေသည့်အစိုးရအား ဆန့်ကျင်၍ တောင်အာဖရိက တရားရုံးအမိန့်ချမှတ်

ဖေဖာ်ဝါရီ ၂၂ ။              ။ နိုင်ငံတကာရာဇဝတ်ခုံရုံး(အိုင်စီစီ)မှနှုတ်ထွက်မည့် အစိုးရ၏အစီအစဉ်အား အခြေခံဥပဒေနှင့် မကိုက်ညီ၍ ထွက်ခွာမရနိုင်ဟု တောင်အာဖရိကတရားရုံးမှ ယနေ့ ဗုဒ္ဓဟူးနေ့တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

မကြာသေးခင်လများအတွင်း အိုင်စီစီအဖွဲ့သည် အာဖရိကနိုင်ငံများအား ဆန့်ကျင်၍ ဘက်လိုက်သည်ဟုဆိုသော မကျေနပ်ချက်များနှင့် တိုင်ကြားချက်များကို ကြုံတွေ့ခဲ့ရကာ အဖွဲ့ဝင်များမှ   နှုတ်ထွက်မည်ဆိုသော ခြိမ်းခြောက်မှုများကြောင့် တုန်လှုပ်နေရသည်။

လွန်ခဲ့သော ၂၀၁၅ ခုနှစ်တုန်းက ဆူဒန်သမ္မတ အိုမာအယ်လ်ဘာရှာသည် တောင်အာဖရိကနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီးနောက်တွင် သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး   တောင်အာဖရိကနိုင်ငံသည် နှုတ်ထွက်မည်ဟု ဆုံးဖြတ်ခဲ့ကာ ကမ္ဘာ့ကုလသမဂ္ဂသို့ တိုင်တန်းကြောင်း ပြီးခဲ့သော အောက်တိုဘာလတွင် ကြေညာခဲ့သည်။

တောင်အာဖရိကအာဏာပိုင်များသည် အိုင်စီစီမှ ဖမ်းဝရမ်းထုတ်ထားသော စစ်ရာဇဝတ်မှုများနှင့် စွပ်စွဲခံထားရသည့် သမ္မတဘာရှာအား ဖမ်းဆီးရန် ငြင်းဆန်ခဲ့ပြီး နိုင်ငံတော်အကြီးအကဲတစ်ဦးအနေဖြင့် သူသည် ကင်းလွတ်ခွင့်ရှိသည်ဟု ပြောဆိုခဲ့သည်။

“အစိုးရအဖွဲ့ရဲ့ နှုတ်ထွက်မည်ဆိုသော ဆုံးဖြတ်ချက်သည် ပါလီမန်၏အတည်ပြုချက် မရှိသောကြောင့် အခြေခံဥပဒေနှင့်ကိုက်ညီမှုမရှိဘဲ ထွက်ခွာ၍မရနိုင်ပါ” ဟု တရားသူကြီးဖြစ်သူ ဖီးနိစ်မိုဂျာပယ်လို က Gauteng မြောက်ပိုင်းဗဟိုတရားရုံးချုပ်တွင် ကြေညာခဲ့သည်။

သမ္မတနှင့်ဝန်ကြီးများကို နှုတ်ထွက်မည်ဆိုသည့်အကြောင်းကြားစာအား ချက်ချင်းရုတ်သိမ်းပေးဖို့ အမိန့်ပေးထားကြောင်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။

တရားရုံး၏အမိန့်ထုတ်ပြန်ချက်သည် တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမား၏ အစိုးရအတွက် နှောင့်နှေးမှုများဖြစ်စေနိုင်ပြီး ပြန်လည်အယူခံဝင်နိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required