စစ်ရှောင်အမျိုးသမီးများဘဝလုံခြံုရေးအတွက် သင်တန်းပေးနေ

22 February 2017
စစ်ရှောင်အမျိုးသမီးများဘဝလုံခြံုရေးအတွက် သင်တန်းပေးနေ

မင်္ဂလာပါရှင် အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစဉ်အစဉ်မှာတော့ ပဋိပက္ခဖြစ်နေတဲ့နေရာတွေအတွင်းမှာ နေထိုင်နေရတဲ့ အမျိုးသမီးငယ်တွေကို အနာဂါတ်မှာ စွမ်းရည်မြင့်မားသူတွေဖြစ်ဖို့ သင်တန်းပေးနေတဲ့သတင်းကို တင်ဆက်ပေးပါ့မယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာရှိတဲ့ စွန့်ကိုင်တောင် စစ်ရှောင်စခန်းက အမျိုးသမီးငယ်တွေကို သူတို့ရဲ့ဘဝ လုံခြုံစေဖို့အတွက် လုံခြုံရေးနဲ့သက်ဆိုင်တဲ့ သင်တန်းတွေကို မြစ်ကြီးနားအခြေစိုက် ထွယ်ကျင်တာအဖွဲ့နဲ့ ရောင်စုံမိန်းကလေးများအဖွဲ့က ပူးပေါင်း သင်ကြားပေးနေပါတယ်။

ဒီသင်တန်းရဲ့ သင်တန်းရေးရာ ပံ့ပိုးကူညီသူ မခေါင်ဆန့်က သင်တန်းနဲ့ ပတ်သက်ပြီး အခုလို စတင်ပြီး ရှင်းပြပါတယ်။

မခေါင်ဆန့် (သင်တန်းရေးရာ ပံ့ပိုးကူညီသူ)

သင်တန်းမှာ ဘာတွေသင်ကြားပေးနေသလဲဆိုတော့ သင်ခန်းစာ ပထမနှစ် ဒုတိယနှစ်ဆိုပြီးတော့ ရှိတယ်။ အဲဒီအထဲမှာမှ အဲဒီပထမနှစ် ဒုတိယနှစ် ပြီးလို့ရှိရင် လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ သင်ခန်းစာ အပတ်စဉ်က ၉ ခုထိရှိတယ်။ ပထမနှစ်ကကျတော့ အပတ်စဉ် ၂၈ ထိရှိတယ်။ ဒုတိယနှစ်ကတော့ အပတ်စဉ် ၂၁ ထိပဲရှိတယ်။

သူတို့ရဲ့ မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်ရမယ် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ ခေါင်းစဉ်လေးနဲ့ပေါ့ ခေါင်းစဉ်တွေကတော့ အများကြီးရှိတယ် ပထမနှစ်မှာက ပန်းတိုင်နဲ့ပတ်သက်တဲ့ဟာတွေလည်းပါတယ်။ ဒါပေမယ့် ပိုပြီးတော့ တိကျတဲ့ဟာကတော့ ဒုတိယနှစ်မှာပါတယ်။ ကိုယ့်ရဲ့ပန်းတိုင်ကို ဘယ်လိုသတ်မှတ်ရမလဲဆိုတဲ့ အကြောင်းအရာတွေကိုပေါ့နော် ပြီးရင် လူအများနဲ့စကားပြောရင် ဘယ်လိုပြောရမလဲဆိုတဲ့ အကြောင်းအရာတွေ ခေါင်းစဉ်တွေကတော့ အများကြီးပေါ့နော်။

မဇ္ဈိမ

ကချင်ပြည်နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေနဲ့ပတ်သက်လို့ အဲဒီဒေသက အရပ်ဖက်အဖွဲ့အစည်းတစ်ချို့ကတော့ လူကုန်ကူးခံရတဲ့ ကိစ္စတွေဟာ စစ်ရှောင်စခန်းတွေမှာ ဖြစ်ပွားမှု များပြားတယ်လို့ သုံးသပ်ကြပါတယ်။

စစ်ရှောင်စခန်းမှ သင်တန်းသူတစ်ဦး

သင်တန်းကတော့ မိန်းကလေးတွေနဲ့ဆိုင်တဲ့ မိန်းကလေးတွေ အထူးသိသင့်သိထိုက်တဲ့ ပညာရပ်တွေကို သင်ကြားပေးပါတယ်။ အဓိကကတော့ မိန်းကလေးတွေရဲ့ အခွင့်အရေးပေါ့။

မဇ္ဈိမ

ဒီသင်တန်းမှာ အဓိကအားဖြင့် စစ်ရှောင်စခန်းတွေမှာ နေထိုင်တဲ့ အမျိုးသမီးငယ်တွေကို လူကုန်ကူးခြင်းဆိုတာ ဘယ်လိုမျိုးလဲ လူကုန်ကူးခံရမယ့် အရိပ်အယောင်တွေက ဘာတွေလဲ စတဲ့ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန်တွေအပြင် အမျိုးသမိးငယ်တွေအတွက် လူတွေနဲ့ ပြောဆိုဆက်ဆံရေး အပိုင်းတွေကိုလည်း သင်ကြားပေးပါတယ်။

မခေါင်ဆန့် (သင်တန်းရေးရာ ပံ့ပိုးကူညီသူ)

သင်တန်းမှာတက်တဲ့သူတွေကတော့ မိန်းကလေးဖြစ်ရမယ်၊ အသက် ၁၂ နှစ်ပြည့်ပြီးတဲ့သူဖြစ်ရမယ်။ ပြီးရင်လည်း ၁၈ နှစ်အောက်ဖြစ်ရမယ်။ အဲလိုဆိုရင်တော့ လက်ခံပါတယ်။

မဇ္ဈိမ

သင်တန်းမှာ သင်ခန်းစာပေါင်း အခု ၅၀ လောက်ကို အချိန်ပြည့် သင်ကြားပေးနေတာဖြစ်ပြီး သင်တန်းတစ်ခုလုံးရဲ့ ကြာချိန်ကိုတော့ ခန့်မှန်းလို့မရဘူးလို့ ဆိုပါတယ်။ တစ်နေ့ကိုတော့ သင်ကြားချိန် ၂ နာရီခန့် ရှိပါတယ်။

ဒီစစ်ရှောင်စခန်းမှာ လာရောက်ခိုလှုံသူဦးရေဟာ ၂၀၀ လောက်ရှိပါတယ်။ အဲဒီအထဲက တစ်ဝက်လောက်ကတော့ အမျိုးသမီးတွေဖြစ်ပါတယ်။ အများစုကတော့ ဝိုင်းမော်၊ မြစ်ကြီးနား၊ ဖားကန့်၊ မိုးမောက် စတဲ့ မြို့တွေကနေ စစ်ပွဲတွေကြောင့် တိမ်းရှောင်နေရသူတွေဖြစ်ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly