ဒုတိယအကျော့တွင် မန်စီးတီးဂိုးမသွင်းနိုင်လျှင် ပြိုင်ပွဲမှထွက်ရလိမ့်မည်ဟု ဂွာဒီယိုလာပြော

ဒုတိယအကျော့တွင် မန်စီးတီးဂိုးမသွင်းနိုင်လျှင် ပြိုင်ပွဲမှထွက်ရလိမ့်မည်ဟု ဂွာဒီယိုလာပြော

ဖေဖော်ဝါရီ ၂၂၊ မန်ချက်စတာ။           ။ မိုနာကိုနှင့် ကစားရမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့တွင် မန်စီးတီးအသင်းဂိုးမသွင်းနိုင်လျှင် ပြိုင်ပွဲမှထွက်သွား ရလိမ့်မည်ဟု မန်စီးတီးနည်းပြဂွာဒီယိုလာက ပြောသည်။

အီတီဟတ်တွင် ကစားသောပထမအကျော့တွင် မန်စီးတီးအသင်းသည် ပြင်သစ်လိဂ်ဦးဆောင်သူမိုနာကိုအား နောက်မှနှစ်ကြိမ် လိုက်ကစားခဲ့ရပြီးမှ ၅-၃ ဂိုးဖြင့်အနိုင်ရခဲ့ကာ မတ် ၁၅ တွင် ဒုတိယအကျော့ ကစားရမည်ဖြစ်သည်။

“ကျွန်တော်တို့ဂိုးတွေ ရနိုင်သလောက်များများသွင်းဖို့ မိုနာကို ကိုသွားရမယ်။ အဲဒါကျွန်တော့်ရဲ့ပစ်မှတ်ပါပဲ။ ကျွန်တော်တို့ တစ်ဂိုးမှမရဘူးဆိုရင်တော့ နောက်တစ်ဆင့်တက်ဖို့ မဖြစ်နိုင်ဘူး”ဟု ဂွာဒီယိုလာက ပြောသည်။

ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပထမအကျော့တွင် ၂၅ နှစ်အတွင်းနှစ်သင်းပေါင်းဂိုးအများဆုံးဖြစ်လာသည့် ယင်းပွဲတွင် မိုနာကို အသင်းသည် ၂-၁ ဂိုး၊ ၃-၂ ဂိုးဖြင့်နှစ်ကြိမ်ဦးဆောင်ခဲ့ပြီးမှ မန်စီးတီးအသင်းက နောက်မှလိုက်ကစားကာ ၅-၃ ဂိုးဖြင့်အနိုင်ရခဲ့သည်။

နှစ်သင်းဒုတိယအကြိမ်ဆုံသည့် အခါတွင်လည်း နောက်ထပ်ဖွင့်ကစားသည့် ပွဲတစ်ပွဲဖြစ်လာမည်ဟု ဂွာဒီယိုလာကမျှော်လင့်နေပြီး လက်ရှိရာသီပြင်သစ်လိဂ်-၁ ပွဲစဉ် ၂၆ ပွဲတွင် ၇၆ ဂိုးသွင်းထားသည့် မိုနာကို၏ တိုက်စစ်အားသန်ကစားကွက်ကို ပြိုင်ဆိုင် တွန်းလှန်ခြင်းကသာ အကောင်းဆုံးဟု ယူဆနေသည်။

“သူတို့က တိုက်စစ်အလွန်အကျွံ ကစားတဲ့အသင်းပါ။ ကျွန်တော်တို့ ခံစစ်ကစားတာပိုကောင်းလိမ့်မယ်ဆိုပေမယ့် အခွင့်အရေးတွေ ရလာလိမ့်မယ်လို့လည်း သေချာပြောရဲပါတယ်။ ဖွင့်ကစားရတာကို ကျွန်တော်သိပ်ကြိုက်တယ်။

ဒီရာသီမှာ ဘယ်နှစ်သင်းလောက် မိုနာကို ကိုဂိုးမပေးရအောင် ကစားနိုင်ခဲ့တယ်ဆိုတာကိုလည်း သိချင်တယ်။ မိုနာကိုက ကစား သမားကောင်းတွအများကြီးနဲ့ တိုက်စစ်ပြီးရင်းတိုက်စစ် ကစားနေလို့ ပွဲကိုထိန်းရခက်တယ်။

ဒါပေမဲ့ကျွန်တော်တို့လည်း အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့ပြီး မိုနာကိုအနေနဲ့ ကျွန်တော်တို့လိုအသင်းမျိုးနဲ့ ရင်ဆိုင်ခဲ့ရဖူး လား ကျွန်တော်မသိဘူး။

သူတို့ဂိုးဧရိယာထဲကို ကျွန်တော်တို့အကြိမ်အတော်များများ ရောက်ခဲ့တယ်။ ဒါကြောင့်ပဲ ကျွန်တော်အနေနဲ့ ဒီလိုမျိုးနည်းလမ်းနဲ့ ထပ်ပြီးကစားချင်ရတာပဲ”ဟု ဂွာဒီယိုလာက ပြောသည်။

မန်စီးတီးအတွက်ဂိုးများကို စတာလင်းကတစ်ဂိုး၊ အဂူရိုကနှစ်ဂိုးသွင်းခဲ့ပြီး စတုန်းနှင့် ဆိန်းတို့က တစ်ဂိုးစီသွင်းယူခဲ့သည်။ မိုနာကို အတွက်ဂိုးများကိုမူ ဖယ်လ်ကာအိုကနှစ်ဂိုး၊ လော့တင်က တစ်ဂိုးသွင်းယူခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required