အကောင်ထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းဒေသများ အိမ်ခြံမြေစျေးကွက် အေးသော်လည်း စျေးတက်ဟု ဆို

အကောင်ထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းဒေသများ အိမ်ခြံမြေစျေးကွက် အေးသော်လည်း စျေးတက်ဟု ဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ။              ။ ယခု ဖေဖော်ဝါရီလကုန်တွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်း တည်ရှိရာဒေသများတွင် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးနေသော်လည်း အနည်းငယ်ဈေးတက်နေကြောင်း  အိမ်ခြံမြေအကျိုးဆောင်အချို့က မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်း စီမံကိန်းဒေသအနီးရှိ ကံရွာမှ အိမ်ခြံမြေအကျိူးဆောင်လုပ်ငန်းကို ၁၀ နှစ်ကြာ လုပ်ကိုင်လာသူ ကိုခင်ဇော်က  ဈေးတက်ရန် အလားအလားရှိနိုင်ကြောင်း ပြောသည်။

“ ဈေးက သတ်မှတ်ထားတဲ့အတိုင်းဆို တက်ဖို့ အလားအလာတော့ရှိတာပေါ့။ သတ်မှတ်ချက်ကတော့ တိတိကျကျပြောလို့မရဘူး။ ၂၀၀ ဝန်းကျင် သတ်မှတ်ထားတာလေ။ အရောင်းအဝယ်ဖြစ်နေတာကတော့ ၁၉၀၊ ၂၀၀ ဝန်းကျင်တွေပဲ ဖြစ်နေတာ” ဟု ကိုခင်ဇော်က ပြောသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်က  ယင်းစီမံကိန်းနှင့် ပတ်သတ်ပြီး မြေတန်ဖိုးတက်လာနိုင်ဖွယ်မရှိကြောင်း၊ မြေတန်ဖိုးလျော့နည်းလာအောင် တိုင်းဒေသကြီးအစိုးရက လုပ်ဆောင်နေကြောင်း ဖေဖော်ဝါရီလ ၁၈  ရက်နေ့က UMFCCI ၌ ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် ပြောထားပြီး ဖြစ်သည်။

အဆိုပါ စီမံကိန်းကို  ကြည့်မြင်တိုင်၊ တွံတေးနှင့် ဆိပ်ကြီးခနောင်တို့ မြို့နယ်များတွင် တည်ဆောက်သွားရန် လျာထားခြင်း ဖြစ်ပြီး ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်မြို့နယ် တစ်ဘက်ကမ်းတွင် ယခု ဖေဖော်ဝါရီလကုန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော်မည် ဖြစ်သည်။

အရောင်းအဝယ်အေးကာ ဈေးတက်နေသော်လည်း ရောင်းမည့်သူ ရှားပါးနေသည်ဟု တွံတေးမှ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်သူ ဦးအောင်သိုက်ထွဋ် က ပြောသည်။

"ပြီးခဲ့တဲ့ တစ်လ၊ နှစ်လ အတွင်းမှာတော့ ကွာခြားမှုမရှိဘူး။ ပြောရမယ်ဆိုရင် ၂၀၁၄၊ ၂၀၁၅ လောက်က ဈေးကွက်အတိုင်းပဲ။ သိပ်ပြီးတော့ အဝယ်မလိုက်သလို သိပ်ပြီးတော့ ရောင်းမယ့်လူလည်း ရှားပါးပါတယ်" ဟု တွံတေးမှ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူ ဦးအောင်သိုက်ထွဋ် က လက်ရှိအခြေအနေကို  ပြောသည်။ ယခုပြုလုပ်မည့့််  ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်စည်ပင်သာယာရေးကော်မတီနှင့် JICA တို့ ပူးပေါင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ် အပါဝင် မြို့သစ် ၇ ခု ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly