မြန်မာ့ဘောလုံးလောကအတွက် ရှက်ဖွယ်လုပ်ရပ်ကို ဒိုင်မှ ပြုလုပ်ခဲ့ဟု ဧရာဝတီ နည်းပြ ပြော

မြန်မာ့ဘောလုံးလောကအတွက် ရှက်ဖွယ်လုပ်ရပ်ကို ဒိုင်မှ ပြုလုပ်ခဲ့ဟု ဧရာဝတီ နည်းပြ ပြော

ဇူလိုင် ၂၆၊ ပုသိမ်။ ။ အူရီဒူးမြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၃ ဧရာဝတီအသင်းနှင့် ရန်ကုန်အသင်းတို့ပွဲတွင် ကွင်းလယ် ဒိုင်လူကြီးမှ မြန်မာ့ဘောလုံးလောကအတွက် အရှက်ရဖွယ် အပြုအမူမျိုး ပြုလုပ်ခဲ့သည်ဟု ဧရာဝတီနည်းပြ မာယန်က ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ပုသိမ်မြို့၊ ဧရာဝတီကွင်းတွင် ကစားခဲ့သော အဆိုပါပွဲတွင် အိမ်ရှင်အသင်းက ပထမပိုင်းတွင် ရစ္စတီ၏ သွင်းဂိုးများဖြင့် ဦးဆောင်ခဲ့သော်လည်း ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် ရန်ကုန်အသင်း က ချေပဂိုးနှစ်ဂိုး ပြန်လည်ရရှိခဲ့သောကြောင့် သရေ ကျသွားခဲ့သည်။ ရန်ကုန်အသင်းအတွက် ချေပဂိုးနှစ်ဂိုးကို အချိန်ပို ၉၅ မိနစ်တွင် ဆီဇာ(ပင်နယ်တီ)၊ ၉၆ မိနစ်တွင် သန်းထက်အောင်တို့က သွင်းပေးခဲ့သည်။

 " မြန်မာ့ဘောလုံးလောကအတွက် ရှက်ဖို့ကောင်းတယ်။ ၉၃ မိနစ်မှာ ၂-၀ နဲ့ ဧရာဝတီနိုင်နေတာပါ။ ဒါက ဧရာဝတီတစ်သင်းထဲကို ဆန့်ကျင်တာ မဟုတ်ဘဲ  ဘောလုံးလောက တစ်ခုလုံးအတွက် အရှက်ရဖို့ကောင်းပါတယ်။ အဓိပ္ပါယ်မဲ့ပြီး ရှက်စရာ ကောင်းတယ်။ ဒိုင်က သူရဲ့ ဉာဏ်ရည် ဉာဏ်စွမ်းကို ၁ ရာခိုင်နူန်းလောက်ပဲ ထုတ်သုံးသွားတယ်။ အခုဆိုရင် သူ့ကြောင့် ကစားသမားတွေအကုန်ငို နေကြတယ် " ဟု ဧရာဝတီနည်းပြ မာယန်က ပြောသည်။

အဆိုပါပွဲတွင် ဒိုင်လူကြီးက အချိန်ပို ၅ မိနစ် သတ်မှတ်ပေးခဲ့သည်။ သို့သော် ၉၅ မိနစ်တွင် ဆီဇာက ပင်နယ်တီမှ ဂိုးသွင်းခဲ့ပြီး ဘောလုံးကို ပိုက်ယူကာ ကွင်းလယ်သို့ပြေးသော်လည်း ဆီဇာ လက်အတွင်းမှ ဘောလုံးကို ဧရာဝတီ နောက်ခံလူ ဝက်စ်မှ လုယူခဲ့သော ကြောင့် ပွဲမပြီးနိုင်သေးဘဲ အချိန်ကြန့်ကြာခဲ့သည်။ ဧရာဝတီနောက်ခံလူ ဝက်စ်ကို ကွင်းလဲဒိုင်မှ အဝါကတ်ပြပြီး ပွဲပြန်စတင်ချိန် ၉၆ မိနစ်တွင် သန်းထက်အောင်က ဒုတိယချေပဂိုး ကို ခေါင်းတိုက်သွင်းယူခဲ့သည်။ အဆိုပါ ဂိုးအပြီး ကွင်းလယ်တွင် ဘောလုံးစပေးဘောပေးချိန်မှာ ဒိုင်မှ ပွဲသိမ်းခရာ မူတ်ခဲ့သည်။ ပွဲအပြီးတွင် ဒိုင်ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ဧရာဝတီအသင်း တာဝန်ရှိသူများနှင့် ပရိသတ်များမှ ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required