ဂရမ်မီဆုပေးပွဲနှင့် ပက်သက်၍ မကျေမနပ်ဖြစ်နေသည့် အဆိုတော်ဒရိတ်ခ်

ဂရမ်မီဆုပေးပွဲနှင့် ပက်သက်၍ မကျေမနပ်ဖြစ်နေသည့် အဆိုတော်ဒရိတ်ခ်

ကနေဒါအဆိုတော် ဒရိတ်ခ်သည် ဂရမ်မီဆုပေးပွဲနှင့်ပက်သက်၍ မပျော်မရွှင်ဖြစ်နေရသည်ဟု ပြောခဲ့သည်။

ပြီးခဲ့သော အပတ်တွင် ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲ၌ သူ၏လေးခုမြောက်သီချင်းခွေ Views သည် အကောင်း ဆုံးရက်ပ်အယ်လ်ဘမ်ဆုအတွက် စာရင်းသွင်းခံခဲ့ရသော်လည်း အဆိုတော် Chance The Rapper ၏ Coloring Book က သူ့ကိုကျော်ဖြတ်ကာ ဆုရရှိသွားခဲ့ခြင်းအတွက် ဒေါသထွက်နေကြောင်း သိရသည်။

ဒရိတ်ခ်သည် အကောင်းဆုံးရက်ပ်သီချင်းနှင့် အကောင်းဆုံးရက်ပ်သီဆိုဖျော်ဖြေမှုဆုတို့ကို သူ၏ Hotline Bling သီချင်းဖြင့်ဆွတ်ခူးနိုင်ခဲ့သည်။ သို့သော်လည်း OVO ရေဒီယိုအစီအစဉ်တွင် ဒီဂျေ Semtex နှင့်ပြုလုပ်ခဲ့သော အင်တာဗျူး၌ သူ၏ Hotline Bling သီချင်းသည် ရက်ပ်သီချင်းမဟုတ်ကြောင်းနှင့် သူသည် လူမည်းတစ်ဦးဖြစ်သောကြောင့် အဆိုပါ ဂီတအမျိုးအစားထဲသို့ ထည့်သွင်းခံရခြင်းဖြစ်သည်ဟု ပြောခဲ့သည်။

“Hotline Bling ဟာ ရက်ပ်သီချင်းမဟုတ်ပေမယ့်လည်း သူတို့ကျနော့်ကိုဆုအတွက်ထည့်သွင်းနိုင်တဲ့ဂီတအမျိုး အစားကတော့ ရက်ပ်ဂီတတစ်မျိုးတည်းပဲရှိပါတယ်” ဟု သူကပြောခဲ့သည်။

“ဒါဟာ အရင်တုန်းက ကျနော်ရက်ပ်သီချင်းတွေ ဆိုခဲ့ဖူးတာကြောင့်နဲ့ ကျနော်ဟာ လူမည်းတစ်ဦးဖြစ်နေလို့ပဲ နေမှာပါ။ ဘာကြောင့်လဲဆိုတာကို ကျနော်အဖြေရှာလို့ မရပါဘူး။ ကျနော်ဆုနှစ်ခု ဆွတ်ခူးခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေ ကိုကျနော် မလိုချင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ ကြောင်တောင်တောင်နိုင်စရာကိစ္စ တစ်ခုဖြစ်တယ်လို့ ခံစားရလို့ပါ”ဟု ဒရိတ်ခ်က ငြီးတွားရင်းပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required