စာချုပ်သက်တမ်းတိုးရန် နည်းပြအင်းနရစ်နှင့် ဧပြီလတွင် ဘာစီလိုနာအသင်း ဆွေးနွေးမည်

စာချုပ်သက်တမ်းတိုးရန် နည်းပြအင်းနရစ်နှင့် ဧပြီလတွင် ဘာစီလိုနာအသင်း ဆွေးနွေးမည်

ဖေဖော်ဝါရီ ၂၁၊ စပိန် ။                ။ နည်းပြအင်းနရစ်နှင့်ပတ်သက်၍ ဘာစီလိုနာအသင်းတွင် ဒုတိယအစီအစဉ်မရှိကြောင်းနှင့် စာချုပ်သက်တမ်းတိုးရန် လာမည့်ဧပြီလ၌ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူက ပြောဆိုလိုက်သည်။

ယခုနှစ်ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် နည်းပြအင်းနရစ်ကို ဘာစီလိုနာပရိသတ်များက လီဂါနက်စ်အား ၂-၁ ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြသည်။ ယခုနှစ်တွင် ဘာစီလိုနာအသင်း၏ယိမ်းယိုင်နေသော အခြေအနေကြောင့် ပရိသတ်များက အင်းနရစ်ကို စိတ်ပျက်လျက်ရှိနေကြသည်။

ထိုကိစ္စရပ်နှင့်ပတ်သက်၍ ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူက ‘အသင်းမှာ အင်းနရစ်ဆက်ရှိနေဖို့က ဘာစီလိုနာအသင်းရဲ့ ဦးစားပေးအစီအစဉ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက သူဟာ ဆုဖလားအားလုံးနီးပါးကို ရယူပေးနိုင်ခဲ့သူပါ’ ဟု ပြောဆိုခဲ့သည်။

အင်းနရစ်သည် ၂၀၁၄ ခုနှစ်က ဘာစီလိုနာသို့ရောက်ရှိလာပြီး ပထမဆုံးနှစ်မှာပင် ချန်ပီယံလိဂ်၊ လာလီဂါနှင့်ကိုပါဒယ်ရေးဆုဖလား သုံးခုစလုံးကိုရယူပေးနိုင်ခဲ့သူ ဖြစ်သည်။ ပြီးခဲ့သည့်ရာသီကလည်း ပြည်တွင်းလိဂ်ဖလားနှစ်လုံးကို ရယူပေးနိုင်ခဲ့သည်။

သို့သော် ဘာစီလိုနာမှာ ယခုနှစ်တွင် လာလီဂါ၌ ရီးယဲလ်၏နောက် နှစ်ပွဲပိုကစား ၁ မှတ်လျော့ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသလို ချန်ပီယံလိဂ် ရှုံးထွက်အဆင့်၌လည်း ပီအက်စ်ဂျီကို ပထမအကျော့၌ ၄-၀ ဂိုးဖြင့်ရှုံးထားသည့်အတွက် အင်းနရစ်မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

‘လာမယ့်ဧပြီလမှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပြီး အင်းနရစ်ဘယ်လိုခံစားနေရသလဲဆိုတာကြည့်မှာပါ။ ကျွန်တော်တို့မှာ ဒုတိယအစီအစဉ်မရှိသေးပါဘူး’ ဟု ဘာကာဥက္ကဋ္ဌ ဘာတိုမြူက ဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly