အကူအညီလိုအပ်နေသည့်အမှုသည်များကို မှုခင်းသတင်းထောက်များက အခမဲ့ကူညီသွားနိုင်ရန် ကြိုးစားသွားမည်ဟု ဆို

အကူအညီလိုအပ်နေသည့်အမှုသည်များကို မှုခင်းသတင်းထောက်များက အခမဲ့ကူညီသွားနိုင်ရန် ကြိုးစားသွားမည်ဟု ဆို

ရန်ကုန်-ဖေဖေါ်ဝါရီ၂၀ ။              ။ အကူအညီလိုအပ်နေသည့်အမှုသည်များကို မှုခင်းသတင်းထောက်များက အခမဲ့ကူညီသွားနိုင်ရန် ကြိုးစားသွားမည်ဟု မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း (ဗဟိုအဖွဲ့ချုပ်)၏ ဒုတိယဥက္ကဋ္ဌ မောင်ငြိမ်းသူ(ကြို့ပင်ကောက်)က ဖေဖော်ဝါရီ ၂၀ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

မြန်မာနိုင်ငံမှုခင်းသတင်းထောက်များ အသင်း(ဗဟိုအဖွဲ့ချုပ်)က အသင်းဝင်အထူးမှုခင်းသတင်းထောက်များကို ရဲတပ်ဖွဲ့မှ အငြိမ်းစားရဲမှူးကြီးနှင့် ဒုရဲမှူးကြီးများ ဦးဆောင်လမ်းညွှန်ပြီး သတင်းထောက်လှမ်း၊ စုံစမ်း၊ ဖော်ထုတ် ရေးနည်းပညာရပ်များ ပို့ချသွားမည်ဟု ဆိုသည်။

"တစ်ချို့ကုမ္ပဏီတွေက စုံထောက်ဘာညာလုပ်ပေးမယ်ပြောတယ်။ စုံထောက်အသင်းဆိုတာ အခုထက်ထိ ဘာ မှ မရှိဘူး။ ပြည်ထဲရေးမှာမရှိသလို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှာလည်း စာရင်းမရှိဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဆရာ ခင်မောင်ထွန်း(လမ်းမတော်)တို့တုန်းက စုံထောက်သင်တန်းတော့ မဟုတ်ဘူး။ လုံခြုံရေးသင်တန်းပေါ့။ စတိုး ဆိုင်တွေ၊ အိမ်တွေက ရဲတပ်ဖွဲ့အငြိမ်းစားတွေ၊ တပ်မတော် အငြိမ်းစားတွေကို လုံခြုံရေးသင်တန်းပေးပြီး ကုမ္ပဏီ တွေက ငှားတာ။ မြန်မာပြည်မှာ စုံထောက်ရယ်လို့တော့ ဘယ်သူမှ မရှိသေးဘူး။ မင်းသိင်္ခရဲ့ ဆားပုလင်း နှင်းမောင်ပဲ ရှိတယ်" ဟု မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း (ဗဟိုအဖွဲ့ ချုပ်)၏ ဒုတိယဥက္ကဋ္ဌ မောင်ငြိမ်းသူ(ကြို့ပင်ကောက်)က ပြောသည်။

ရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ပြီး မှုခင်းအန္တရာယ်များ ကြိုတင်ကာကွယ်ရေးကိစ္စရပ်များအပါအဝင် တရားခံ ဖမ်းဆီးနိုင်ခြင်းမရှိသောအမှုများအတွက် တရားခံဖမ်းမိရေး၊ အမှုမှန်ပေါ်ပေါက်ရေးနှင့် အမှုလာအပ်ပြီး အကူအညီလိုအပ်သော အမှုသည်(ပြည်သူ)များကို အခမဲ့ဝန်ဆောင်မှုဖြင့် သတင်းစုံစမ်းဖော်ထုတ်ရေးကိစ္စ များကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းက ကြေညာထားသည်။ ယင်းအစီအစဉ်အား ပူးပေါင်းဆောင်ရွက်လိုသူများကိုလည်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ထုတ် မှုခင်းရှုထောင့်ဂျာနယ်မှတဆင့်  ဖိတ်ခေါ်ထားသည်။

မြန်မာသတင်းပညာသိပ္ပံမှ သင်တန်းညွှန်ကြားရေးမှုး ဦးစိန်ဝင်းကမူ သတင်းထောက်အနေဖြင့် အလွတ်စုံထောက်လုပ်ခြင်းသည် သတင်းမီဒီယာကျင့်ဝတ်နှင့်မညီကြောင်းပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required