မြန်မာအလုပ်သမားများကို ပန်းရောင်ကဒ်မှ CI အစိမ်းရောင်စာအုပ်ကို မတ်လ ၃ ရက်နေ့တွင် စတင်ထုတ်ပေးမည်

မြန်မာအလုပ်သမားများကို ပန်းရောင်ကဒ်မှ CI အစိမ်းရောင်စာအုပ်ကို မတ်လ ၃ ရက်နေ့တွင် စတင်ထုတ်ပေးမည်

ချင်းမိုင်၊ဖေဖော်ဝါရီလ ၂၀  ။              ။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လွတ်လပ်စွာ သွားလာနိုင်သည့် Certificate of Identity-CI ခေါ် အစိမ်းရောင်စာအုပ်ကို လာမည့် မတ်လ ၃ ရက်နေ့မှစတင်၍ ထုတ်ပေးတော့မည်ဖြစ်ကြောင်း အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနက တရားဝင် ထုတ်ပြန်လိုက်သည်။

ထိုင်းအစိုးရက ထုတ်ပေးထားသော ပန်းရောင်ကဒ်ဖြင့် Seven Eleven (7/11) ဆိုင်တွင် မတ်လ ၁ ရက်နေ့မှ စတင်၍ ငွေ ၃၀၀ ဘတ် ပေးသွင်း၍ အစိမ်းရောင်စာအုပ်ထုတ်ယူမည့် စခန်းသို့ သွားရောက် ထုတ်ယူရမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မြန်မာအလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ပြောသည်။

“၃ ရက်နေ့မှာစထုတ်ပေးတော့မယ်။ မတ်လ ၁ ရက်နေ့မှာတော့ ဆဲဗင်းအဲလဲဗင်းဆိုင်မှာ အစိမ်းရောင် စာအုပ်လုပ်မယ်ဆိုပြီး ငွေပေးသွင်းလို့ ရပါတယ်။ ၃၀၀ ပေးရမယ်။ အဲဒီ ငွေသွင်းတဲ့ စလစ်ပ် ရပြီဆိုတာက CI ထုတ်မဲ့ စခန်းကို သွားရမယ်။ စခန်းမှာ ဗီဇာလုပ်တဲ့အချိန်မှာ ၅၀၀ ဘတ်ပေးပြီး ထုတ်ယူရမယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

CI ထုတ်ယူရန်အတွက် ထိုင်းနိင်ငံ မယ်ဆိုင်၊ မဲဆောက်၊ ရနောင်း၊ စမွတ်ပုရာကန်၊ စမွတ်ဆာခွန်၊ မဟာချိုင် စသည့် ဌာန ၆ ခုတွင် ဖွင့်လှစ်ထားမည်ဖြစ်ပြီး Seven Eleven (7/11) ဆိုင်တွင် ငွေသွင်းထားသော ဖြတ်ပိုင်းဖြင့် မိမိနေထိုင်ရာ ခရိုင်နှင့် အနီးစပ်ဆုံးဌာနသို့ CI ကဒ် ခေါ် အစိမ်းရောင်စာအုပ် သွားရောက်ထုတ်ယူရမည် ဖြစ်ကြောင်း သူက ပြောသည်။

အလုပ်သမားတစ်ဦးလျှင် CI ကဒ်ထုတ်ရန်အတွက် Eleven (7/11) ဆိုင်တွင် ၃၀၀ ဘတ်၊ မိမိနေထိုင်ရာခရိုင် လူဝန်မှုကြီးကြပ်ရေးရုံးတွင် ဗီဇာပြုလုပ်ရန်အတွက် ၅၀၀ ကုန်ကျမည်ဖြစ်သည်။ ဗီဇာထုတ်ယူ၍ ၁၅ ရက်အကြာတွင် အလုပ်လုပ်ခွင့်ပါမစ် ပြန်လည်ပြုလုပ်ရန် စာရွက်စာတမ်းအတွက် ၁၀၀ ဘတ်၊ ဆေးစစ်ခ ၆၀၀ဘတ် စာရွက်စာတမ်းခ ၁၀၀၊ စုစုပေါင်း ၁၆၀၀ ကုန်ကျမည် ဖြစ်ကြောင်း၊ အလုပ်ရှင်ပြောင်းပါက ၉၀၀ ဘတ် ထပ်မံ ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တု့ိနိုင်ငံဘက်က ၃၀၀ပဲ ကုန်မယ်။ ထိုင်းက ဗီဇာကြေးသည် ၅၀၀၊ ဆေးစစ်ခတွေရှိမယ်။ အလုပ်လုပ်ခွင့်က ပေးစရာမလိုဘူး။ ကဒ်မှာပါပြီးသား ဆိုတော့။ နယ် ပြောင်းတယ်ဆိုရင်တော့ သက်ဆိုင်ရာနယ်က ရုံးကနေ ထောက်ခံစာ နယ်ပြောင်းတဲ့အတွက် ၁၀၀၀ ပေးရမယ်။ အရင်နေရာမှာပဲ လုပ်တယ်ဆိုရင် ပေးစရာမလိုဘူး”ဟု ဦးမိုးအောင်ခိုင်က ပြောသည်။

လာမည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ လူဝန်မှုကြီးကြပ်ရေးဌာနမှ ဝန်ထမ်းများ အဆိုပါ ဌာနများသို့ ရောက်ရှိမည်ဖြစ်ကြောင်း သူက ပြောသည်။ အစိမ်းရောင် စာအုပ်ထုတ်ပေးရန် ရက်အကန့်အသတ် သတ်မှတ်ထားခြင်း မရှိပေ။

ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများကို ထုတ်ပေးထားသည့် ပန်းရောင်ကဒ်သည် ထိုင်းနိုင်ငံအတွင်း လွတ်လွပ်စွာ ပြောင်းရွှေ့အလုပ်လုပ်ခွင့် မရှိသလို၊ မြန်မာနိုင်ငံသို့ ပြန်ရန် ထောက်ခံစာများ ယူသွားရန် လိုအပ်သည်။ ယခု ပြုလုပ်မည့် CI ခေါ် အစိမ်းရောင်စာအုပ်သည် ထိုင်းနိုင်ငံ အနှံ့ သွားလာနိုင်ပြီး မြန်မာနိုင်ငံသို့ မည်သည့် ထောက်ခံစာမှ ယူဆောင်စရာမလိုဘဲ ပြန်နိုင်သောစာအုပ်ဖြစ်ကြောင်း အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင်က ပြောသည်။

“မလုပ်ဘူးဆိုရင် နယ်ကျွံရင် အဖမ်းခံရမှာပေါ့။ ဒီစာအုပ်က နယ်ကျော်သွားလို့လာလို့ ရတယ်။ မြန်မာပြည် ပြန်လို့ရတယ်။ စာအုပ်ကြီး ပြန်ထုတ်လို့ရတယ်။ ဒါပေမယ့် သူတို့ အထောက်အထား ပြန်ယူရတာပေါ့နော်”ဟု သူက ပြောသည်။

နိုင်ငံသားစိစစ်ရေးလက်မှတ်နှင့် အိမ်ထောင်စု မရှိသော အလုပ်သမားများကို ထိုင်းအစိုးရက ထုတ်ပေးထာသော ပန်းရောင်ကဒ်မှ အစိမ်းရောင်စာအုပ်ထုတ်ပေးခြင်း ဖြစ်သည်။

ထို့ပြင်  ထိုင်းအစိုးရက ယာယီနေထိုင်ခွင့် လက်မှတ်(ဘတ် ခေါ် TR 38) ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများအနေဖြင့် နိုင်ငံသားစစ်စိရေးလက်မှတ်နှင့် အိမ်ထောင်စု ရှိပါက နိုင်ငံသား စိစစ်၍ ဘန်ကောက်မြို့ မြန်မာသံရုံးတွင် သာမန်နိုင်ငံကူးလက်မှတ်ထိုးပေးမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းခန့်ရှိပြီး ဦးရေ ၁.၇ သန်းခန့်သာ တရားဝင် အလုပ်လုပ်ခွင့် လုပ်ကိုင်ထားရာ ထိုအထဲတွင် ပန်းရောင်ကဒ် ကိုင်ဆောင်ထားသူ ၆ သိန်းကျော် ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required