ကျွန်တော်တို့ နိုင်ငံအနေနဲ့ ကြည့်ရင်လည်း သေဒဏ်ကို ပယ်ဖျက်ထားတဲ့ နိုင်ငံမဟုတ်ဘူး

20 February 2017
ကျွန်တော်တို့ နိုင်ငံအနေနဲ့ ကြည့်ရင်လည်း သေဒဏ်ကို ပယ်ဖျက်ထားတဲ့ နိုင်ငံမဟုတ်ဘူး

ေဖော်ဝါရီ၊ ၂၀ ။             ။ မင်္ဂလာပါရှင်။ မြန်မာနိုင်ငံကပြည်သူတွေ စိုးရိမ်နေကြတဲ့ အကြောင်းအရာတွေထဲမှာ သက်ငယ်မုဒိမ်းမှု နဲ့ တရားဥပဒေစိုးမိုးမှုအားနည်းနေတာဟာ အကြောင်းအရာတစ်ခုချင်းစီအရ စိုးရိမ်စရာကောင်းနေသလို အဲဒီနှစ်ခုက ဆက်စပ်နေတာကိုလည်းတွေ့ရပါတယ်။ နုနယ်အပြစ်ကင်းတဲ့ ကလေးလေးတွေရဲ့ ဘဝလုံခြုံမှုအတွက် စိုးရိမ်မှုဒီရေတွေ မြင့်တက်လာသလို ပြည်သူတွေရဲ့ တစ်နေ့တာ သွားလာနေထိုင်မှုတွေမှာလည်း စိတ်မလုံခြုံမှုတွေဟာ နေ့စဉ်နဲ့အမျှ ခံစားနေပါတယ်။ ဒီလိုဖြစ်ပွားနေတာတွေကို ဘယ်လို ကာကွယ်မှုတွေ ပြုလုပ်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဥပဒေရေးရာ ကျွမ်းကျင်သူတစ်ယောက်လည်းဖြစ်သလို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်နဲ့ တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်းအစီအစဉ်ကို ပြန်လည်တင်ဆက်ပေးမှာ ဖြစ်ပါတယ်ရှင်။

မေး- သက်ငယ်မုဒိမ်းမှု တရားစီရင်ရေးနဲ့ ပတ်သက်ပြီးတော့ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို နှိုင်းယှဉ်ပြောပြပေးပါ။

ဖြေ- အိန္ဒိယမှာလည်း အုပ်စုဖွဲ့ပြီးတော့ ဆေးကျောင်းသူလေးကို ဘတ်စ်ကားပေါ်မှာ မုဒိန်းကျင့်ခဲ့တဲ့သူတွေကို သေဒဏ်ပေးဖို့ သူတို့ဆောင်ရွက်ခဲ့ကြတာပဲ။ အဲဒီမှာဆို ဘယ်လောက်ထိအောင် သူတို့ပြောင်းလဲလာလဲဆိုရင် အသက်မပြည့်သေးတဲ့ ကလေးသူငယ်ကိုတောင် ဒီလိုမုဒိမ်းမှုမှာ အသက်ပြည့်တဲ့ လူကြီးကဲ့သို့ ပြစ်ဒဏ်ပေးဖို့တောင် သူတို့ပြင်ဆင်ချက်တွေ တင်ကြတာပဲ။ အဲလိုပဲ အင်ဒိုနီးရှားမှာလည်း ဒီလို အုပ်စုဖွဲ့ မုဒိမ်းကျင့်တဲ့အခါမှာ ဂိုဏ်းခေါင်းဆောင်က စပြီးတော့ အရင်သေဒဏ်ပေးတဲ့ဟာကို အခု အင်ဒိုနီးရှားသမ္မတ ဘာဘာကီလို လက်မှတ်ရေးထိုးပြီးတော့ ထုတ်ပြန်ခဲ့တဲ့ သတင်းတွေကို ကျွန်တော်ထင်တယ် ။ ၂၀၁၅ တုန်းက အကျယ်တဝင့် မီဒီယာတွေမှာ ဖော်ပြတာပဲ။ အဲဒီတော့ သေဒဏ်နဲ့ပတ်သက်ပြီးတော့ အာရှနိုင်ငံတွေမှာကတော့ အခုသတ်မှတ်ထားတဲ့ ထောင်ဒဏ်ဟာ လက်တွေ့ဖြစ်ရပ်မှာ မလုံလောက်ဘူး။ သေဒဏ်ပေးဖို့ လိုတယ်။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ကြည့်ရင်လည်း ကျွန်တော်တို့က သေဒဏ်ကို ပယ်ဖျက်ထားတဲ့ နိုင်ငံမဟုတ်ဘူး။ တချို့ အနောက်နိုင်ငံတွေမှာက သေဒဏ်ကို ပယ်ဖျက်ထားတဲ့ နိုင်ငံတွေရှိတယ်။ သေဒဏ်ကို တဝက်တပျက်ကျင့်သုံးတဲ့ နိုင်ငံရှိတယ်။ အမေရိကန်မှာ တချို့ပြည်နယ်တွေက သေဒဏ်ကို ကျင့်သုံးတယ်။ တချို့ပြည်နယ်တွေက သေဒဏ်ကို မကျင့်သုံးဘူး။ မြန်မာနိုင်ငံမှာကျတော့ ကျွန်တော်တို့က ကြိမ်ဒဏ်ကိုသာ ပယ်ဖျက်ထားတာ။ သေဒဏ်ကို မပယ်ဖျက်ထားဘူး။ မပယ်ဖျက်တဲ့အတွက် ပုဒ်မ (၃၀၂/၁) ဆို မုချ သေဒဏ်ပေးရမယ်။ ဒါ ရာဇသတ်ကြီး။ အဲလို ရာဇသတ်ကြီးမှာ နောက်ထပ်ပုဒ်မ ၄ ခုဆိုရင် သေဒဏ်ပေးလိုက ပေးနိုင်တယ်။ ဒါကတော့ လွှတ်တော်ထဲမှာ ဆွေးနွေးတုန်းကလည်း ကျွန်တော် အကျယ်တဝင့် ထောက်ပြခဲ့ပြီးပြီ။

မေး- ဒီကလူ့အဖွဲ့အစည်းမှာတော့ သက်ငယ်မုဒိန်းမှုကို ကျူးလွန်သူတွေထက် အကျူးလွန်ခံရသူတွေက ပိုရှက်စရာကောင်းပြီး အမဲစက် စွန်းထင်းနေသလို ပြောဆိုနေကြတာတွေ၊   ဖြစ်နေတာကို   တွေ့ရပါတယ်။  ဒီအမြင်တွေကို ပြောင်းလဲပစ်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ဘာတွေလုပ်ဆောင်သင့်လဲဆိုတာ ဘဘပြောပြပေးပါရှင့်။

ဖြေ- အမှန်တရားအတွက် ရင်ဆိုင်ရဲတဲ့ သတ္တိပေါ့နော်။ ပန်းကောင်းအညွန့်ချိုးတဲ့သူတွေကို တုံ့ပြန်ရဲတဲ့ သတ္တိပေါ့။ ဒါတွေက ခု တိုင်ကြားတဲ့ အမှုတွေလောက်ကို ကျွန်တော်တို့က ပြောနေတာကိုး။ တိုင်ကြားခြင်းမရှိဘဲနဲ့၊ အသံမထွက်ဘဲနဲ့ အရှက်ကြောင့် ငြိမ်ခံကြတဲ့သူတွေ ဘယ်လောက်များမလဲ ဆိုတာ ကျွန်တော်တို့မှ မသိဘဲ။ အဲဒါကြောင့် သူတို့ကို အရပ်ဘက်အဖွဲ့အစည်းတွေက မိမိတို့လုပ်နိုင်တဲ့ နယ်ပယ်မှာ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အမှန်တရားကို ရင်ဆိုင်ဖို့ပေါ့။ ရင်ဆိုင်တဲ့အခါမှာလည်း ကိုယ့်ဘဝကို ဒီလိုနေရာကနေ ဒီလိုအဖြစ်မျိုးကြုံပြီးတော့ ဒီနေ့ ထင်ပေါ်ကျော်ကြားတဲ့သူတွေဖြစ်သွားတဲ့ အနောက်နိုင်ငံက မင်းသမီးတွေ၊ အားကစားသမားတွေ သူတို့ သတင်းတွေကျွန်တော်တို့ ဖတ်နေရတာပဲ။ အဲတော့ စံနမူနာယူစရာ ပုဂ္ဂိုလ်တွေကိုလည်းထိုးပြ နောက်ပြီးတော့ အမှန်တရားအတွက် တိုက်ပွဲဝင်ရဲတဲ့ စိတ်ဓာတ်ကို ကလေးသူငယ်ဘဝကတည်းက သွတ်သွင်းပြီး မိဘအပါအဝင်  ဆွေမျိုးသားချင်းတွေကလည်း သူတို့ ခုလိုဖြစ်တာဟာ ကုသိုလ်ကံကြမ္မာ အင်မတန်ဆိုးဝါးလို့ခံရတာ ။ သူတို့ကို ပိုကြင်နာပြီးတော့၊ လူ့အဖွဲ့အစည်းက ဒီဖြစ်ရပ်ဆိုးကြီးတွေ၊ အိပ်မက်ဆိုးကြီးတွေ မမက်အောင် နွေးနွေးထွေးထွေးနဲ့ ပြန်လည်ကုစားပေးဖို့ အထူးသဖြင့် ချစ်ခြင်းမေတ္တာပေါ့။ ဒီလိုခံစားနေရသူတွေကို ပိုပြီးတော့ ချစ်ခြင်းမေတ္တာနဲ့ ဖြောင့်ဖျကုစားနိုင်ဖို့ ကြိုးစားသင့်ကြတာပေါ့။

မေး- ဒါကတော့ တရားဥပဒေစိုးမိုးမှုအကြောင်း ဆက်ချင်တာပါ။ အခု လက်ရှိ မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်အပေါ် ဘဘရဲ့ အမြင်ပြောပြပေးပါ။

ဖြေ- ဒီစနစ်နဲ့ ပတ်သက်ပြီးပြောရင်တော့ အရင်းခံကတော့ အဂတိတရားကင်းရှင်းအောင်လုပ်ဖို့က အဓိကပဲ။ ဒီလိုလုပ်တဲ့အခါမှာ ဓမ္မစက်နဲ့တော့ မလုံလောက်ဘူး။ တွေ့နေရတာပဲ။ အာဏာစက်သုံးပြီး လုပ်ဖို့လိုအပ်နေပြီဆိုတာ အချိန်တောင် နှောင်းနေပြီ။ သို့သော် ပြင်မယ်ဆိုရင်တော့ ဘယ်အချိန်ပြင်ပြင်ပေါ့။ ဒါကောင်းတဲ့ လက္ခဏာပဲ။ အဲဒါတွေလည်း ရဲရဲရင့်ရင့် ပြင်ဖို့ လိုတာပေါ့။ ကျွန်တော်တို့ ပထမအကြိမ်လွှတ်တော်မှာ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ကိုယ်တိုင်လည်း အတိအလင်းပြောခဲ့တာပဲ။ ရန်ကုန်ယိုင်ပြီး မန္တလေး ပြိုနေပြီ။ ဒီထိ အထောက်အထားတွေနဲ့ ပြောခဲ့တာပဲ။ သို့သော် ကျွန်တော်တို့နဲ့ အမြင်မတူဘူးပေါ့။ တရားသူကြီးတွေကို သင်တန်းပေးလိုက်ရင်၊ တရားသူကြီးတွေကို နိုင်ငံခြားပို့လိုက်ရင်၊ တရားသူကြီးကို ဘယ်လိုအခွင့်အရေးတွေ ပေးလိုက်ရင် အခုလို တရားစီရင်ရေးမဏ္ဍိုင်ကြီး တည့်မတ်လာမယ်ဆိုတဲ့ စိတ်ကူးယဉ်မှုတွေနဲ့ တရားရေးပြဿနာကို ကိုင်တွယ်တော့ ဒီနေ့ လွှတ်တော်မှာ အခု တရားရေးမဏ္ဍိုင် ယိမ်းယိုင်နေပြီ။ ဘယ်လိုလုပ်ကြမလဲဆိုပြီး အခု ဆွေးနွေးနေကြပြီ မဟုတ်လား။ တစ်ခုပဲ။ ဆွေးနွေးတဲ့နေရာမှာ ရောဂါရဲ့ အခြေအနေမှန်ကို သိဖို့လိုသလို ဒီရောဂါကို ကိုက်ညီတဲ့ ကုစားမယ့် ဆေးနည်းလည်း မှန်ဖို့လိုတယ်လို့ ပြောချင်ပါတယ်။

မေး- အခု မြန်မာနိုင်ငံမှာ ဒုစရိုက်မှုတွေ များပြားလာတဲ့အတွက် ပြည်သူတွေရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေမှာ စိတ်မလုံခြုံမှုတွေ ခံစားနေကြရပါပြီ။ ဒီလိုဖြစ်တာတွေ များလာတဲ့အခါ တိုင်းပြည်အတွက် စိုးရိမ်စရာတွေဖြစ်လာနိုင်ပါသလား။

ဖြေ- ဟာ ဖြစ်နိုင်တာပေါ့။ ဟိုတလောကဆိုရင် လူထုက ကိုယ့်လုံခြုံရေးကို ကိုယ်လုပ်ရမယ့် အနေအထားမျိုးပေါ့။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် မီဒီယာတစ်ခုကို ပြောခဲ့တာပဲ။ လူထုက ကိုယ့်လုံခြုံရေးကိုယ် တာဝန်ယူရမယ်ဆိုရင် အဲဒါ မင်းမဲ့နိုင်ငံဖြစ်သွားပြီ။ လူထုရဲ့လုံခြုံရေးကို တာဝန်ယူရမှာ အစိုးရပဲ။ အခု ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း နိုင်ငံသားတွေ ဘဝလုံခြုံရေး၊ သူတို့ရဲ့ နေမှုလုံခြုံရေး၊ အားလုံးအတွက် တာဝန်ယူရမှာ အစိုးရပဲ။ အစိုးရက တာဝန်မယူနိုင်ဘဲနဲ့ လူထုမှာ မထူးတော့ဘူး စိတ်ဝင်လာရင် အစိုးရမှာ မိမိယူရမယ့်တာဝန်ကို မိမိမထမ်းဆောင်နိုင်ဘူးဆိုတာ ဖော်ပြနေတဲ့အတွက် နောင်တစ်နေ့မှာ ဒါ ဘယ်သူပဲဖြစ်ဖြစ်ပေါ့ ပြည်သူနဲ့ပတ်သက်တဲ့ ကိုယ် ကတိသစ္စာပြုထားသလို ကိုယ်မဆောင်ရွက်နိုင်ရင် ပြုထားတဲ့ ကတိသစ္စာရဲ့ အကျိုးသက်ရောက်မှုတွေကို ကိုယ်တိုင်ပြန်ခံစားရမယ်ဆိုတာကို အမြဲ သတိချပ်စေချင်တယ်။

မေး- သက်ငယ်မုဒိမ်းမှုနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဘဘအနေနဲ့ရော ဘာများ ဖြည့်စွက်ပြောပြချင်ပါသေးသလဲရှင့်။

ဖြေ- သက်ငယ်မုဒိမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှုဆိုတာတော့ မျောက်နဲ့ပန်းလိုပါပဲ။ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာပဲ။ သက်ငယ်မုဒိမ်းလျော့နည်းလာရင် တရားဥပဒေ စိုးမိုးရေးမြင့်မားလာမှာပေါ့။ တရားဥပဒေစိုးမိုးမှုယိမ်းယိုင်လာရင် သက်ငယ်မုဒိမ်းကျင့်မှုတွေက ပိုများလာမှာပေါ့။ သက်ငယ်မုဒိမ်းအပါအဝင် ရာဇဝတ်မှုတွေ များပြားလာခြင်း ခိုးမှု၊ လုယက်မှု၊ လူသတ်မှု အခုဆိုရင် မူးယစ်ဆေးဝါးမှုတွေ များပြားလာခြင်းဟာ ဘာကိုပြလဲဆိုရင် ကျွန်တော်တို့ တရားဥပဒေစိုးမိုးရေး စနစ်က အသံသာရှိပြီး အသက်မဝင်တဲ့ ဖြစ်ရပ်မျိုးလို ဖြစ်နေပြီလို့ ပြောချင်ပါတယ်။

ဟုတ်ကဲ့ပါ။ ခုလို သိလိုသမျှတွေကို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

ကျွန်တော်ကလည်း မဇ္ဈိမ သတင်းဌာနကို ကျေးဇူးတင်ပါတယ်။

မဇ္ဈိမရုပ်သံကနေ ပြည်သူလူထု သိလိုကြားလိုသမျှ အကြောင်းအရာတွေကို တထပ်တည်းဖြစ်အောင် စဉ်ဆက်မပြတ် တင်ဆက်ပေးနေပါတယ်။ ကြည့်ရှုအားပေးကြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

အင်တာဗျူးအပိုင်း(၁)အားကြည့်ရန်-http://www.mizzimaburmese.com/article/23701

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly