ဖိလစ်ပိုင်တွင် ဖြစ်ပွားသော ယာဉ်တိုက်မှုတစ်ခုကြောင့် ကျောင်းသား ၁၄ ဦး သေဆုံး

ဖိလစ်ပိုင်တွင် ဖြစ်ပွားသော ယာဉ်တိုက်မှုတစ်ခုကြောင့် ကျောင်းသား ၁၄ ဦး သေဆုံး

ဖေဖော်ဝါရီ ၂၀ ။             ။ ဖိလစ်ပိုင်နိုင်ငံရှိ တောင်ထူထပ်ရာ ဒေသတစ်ခုတွင် ဖေဖော်ဝါရီ ၂၀ ရက်က အပျော်ခရီးထွက်လာသည့် ကျောင်းကားတစ်စီး လမ်းဘေးဓါတ်တိုင်နှင့် ဝင်တိုက်မှုဖြစ်ပွားပြီး   ကောလိပ်ကျောင်းသား ၁၄ ဦးသေဆုံးကာ ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိသွားသည်။

မနီလာ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှ ငှားရမ်းလာခဲ့သည့် ယင်းဘတ်စ်ကားမှာ ဆယ်ကျော်သက်အရွယ် ကျောင်းသား အယောက် ၅၀ ကို တင်ဆောင်လာက အပျော်စခန်းချ ခရီးတစ်ခု ထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံ၏ Rizal ဒေသ Tanay မြို့ သို့ရောက်ရှိချိန်တွင် ယင်းကားမှာ ကုန်းဆင်းတစ်ခုတွင် အရှိန်လွန်ကာ ယခုကဲ့သို့ ဖြစ်စဉ်နှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း ဒေသရဲတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် Chitadel Gaoiran က ပြောသည်။

ကွန်ကရစ် ဓါတ်တိုင်နှင့် တည့်တည့်ဝင်ဆောင့်မိသည့်အရှိန်ကြောင့် ကားအင်ဂျင်တုံးမှာ အစိတ်စိတ် ကွဲသွားခဲ့ကြောင်းလည်း သိရသည်။

ယင်းဖြစ်စဉ်တွင် ယာဉ်မောင်းနှင်သူအပါအဝင် ၄၀ နီးပါး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယခုအခါ ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့်ပတ်သက်၍ အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required