တရားစီရင်ရေးကဏ္ဍမှာ အဂတိလိုက်စားမှု မလျော့သေးဟု ဦးဝင်းထိန် ပြော

တရားစီရင်ရေးကဏ္ဍမှာ အဂတိလိုက်စားမှု မလျော့သေးဟု ဦးဝင်းထိန် ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

ပုသိမ်(ဖေဖော်ဝါရီ ၂၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ အုပ်ချုပ်ရေးကဏ္ဍနှင့် ဥပဒေပြုရေးကဏ္ဍတို့တွင် ပုံမှန်လည်ပတ်နေသော်လည်း တရားစီရင်ရေးကဏ္ဍတွင် အဂတိလိုက်စားမှုများ လျော့နည်းသွားခြင်း မရှိသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုလိုက်သည်။

“အုပ်ချုပ်ရေးကဏ္ဍကတော့ လူတွေက ဘယ်လိုပဲ ပြောပြော၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ပုံမှန်လည်ပတ်နေတာ။ ဥပဒေပြုရေးမှာလည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်တွေမှာ ယန္တယားတွေ လည်ပတ်နေတယ်။ တရားစီရင်ရေးကဏ္ဍမှာတော့ အဂတိလိုက်စားမှု တဖြည်းဖြည်းလျော့သွားတာတော့ မတွေ့သေးဘူး” ဟု ဦးဝင်းထိန်က ဖေဖော်ဝါရီ ၂၀ရက်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

အဆိုပါ တရားစီရင်ရေးကဏ္ဍတိုးတက်လာရန်နှင့် အဂတိလိုက်စားမှု လျော့ပါးသွားစေရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကြိုးပမ်းလျက်ရှိပြီး မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေး စသည့်မြို့များတွင် တရားဥပဒေစိုးမိုးရေးစင်တာများ ဖွင့်လှစ်ကာ တရားသူကြီးများနှင့် တရားလွှတ်တော်ရှေ့နေများကို သင်တန်းပေးလျက်ရှိသည်ဟုလည်း ဦးဝင်းထိန်က ဆိုသည်။

“ရည်ရွယ်ချက်ကတော့ တရားစီရင်ရေးလုပ်ငန်း အဆင်ပြေဖို့ရယ်၊ အဂတိတရားလျော့ပါးစေဖို့ အတွက်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲ ဘာပဲလုပ်လုပ် ပြည်သူလူထု မနာတဲ့နည်းနဲ့ လုပ်ပါဆိုလို့ အကျင့်ပျက်တဲ့ ဝန်ထမ်းတွေကိုတော့ နောက်နောင်မလုပ်မိဖို့ အရေးယူမှ ဖြစ်လိမ့်မယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်ဖန်တီးပေးရန် ပြည်ထောင်စုအစိုးရနှင့် တိုင်းနှင့်ပြည်နယ်အစိုးရကိုပါ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားသည်ဟုလည်း ဦးဝင်းထိန်က ပြောကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly