မုံးကိုး ဘာသာရေးဆရာနှစ်ဦးအမှု တရားလိုတစ်ဦးကို ရုံးထုတ် စစ်ဆေး

မုံးကိုး ဘာသာရေးဆရာနှစ်ဦးအမှု တရားလိုတစ်ဦးကို ရုံးထုတ် စစ်ဆေး
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ချင်းမိုင်၊ဖေဖော်ဝါရီလ ၂၀ ။            ။ ရှမ်းပြည်နယ် မုံးကိုးမြို့မှ ဘာသာရေးဆရာ ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်း အမှုကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တရာလို သက်သေတစ်ဦးကို ပထမဆုံးအကြိမ် စစ်ဆေးခဲ့သည်။

မူဆယ်မြို့နယ် တွဲဘက်မြို့နယ်တရားရုံးတွင် တရားလို သက်သေအဖြစ် ဘာသာရေးဆရာနှစ်ဦးအား ဖမ်းဆီးစဉ် သက်သေခံပစ္စည်းများကို ရှာဖွေသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့သူ ဦးအိုက်ဆာ ဆိုသူအား စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ရှေ့နေ ဦးဘရန်ဒီးက ပြောသည်။

“မူဆယ်က ရှာဖွေသက်သေ ဦးအိုက်ဆာဆိုတဲ့ သက်သေကို စစ်တယ်။ စွပ်စွဲခံရတဲ့လူတွေဆီက ပစ္စည်းတွေ သိမ်းတဲ့နေရာမှာ ဆိုင်ကယ်တို့ပေါ့။ သက်သေအဖြစ် ရှာဖွေပုံစံလက်မှတ်ထိုးတဲ့လူပါ။ သူက ရှာဖွေပုံစံမှာ လက်မှတ်ရေးထိုးပေးတာပါ ဆိုပြီး ထွက်ဆိုပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

တရားလိုသက်သေအဖြစ် တပ်မတော်အရာရှိ၊ ရဲအရာရှိ၊ တပ်သား ၂ ဦး အပါအဝင် စုစုပေါင်း ၉ ဦးသည် တရားလို သက်သေများအဖြစ် ထွက်ဆိုသွားမည် ဖြစ်ပြီး ယနေ့တွင် အရပ်သား ဦးအိုက်ဆာကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်

သင်းထောက် ဆရာ ဦးဒွမ်ဒေါ့ နောင်လတ်နှင့် ဦးဂမ်ဆိုင်း တို့သည်လည်း တရားရုံးသို့ ရောက်ရှိလာရာ ကျန်းမာရေး ကောင်းမွန်နေသည်ဟု သိရပြီး ၎င်းတို့ နှစ်ဦးအား လာမည့် မတ်လ ၆ ရက်နေ့တွင် ထပ်မံ ရုံးချိန်း ချိန်းဆိုထားသည်။

အဆိုပါ နှစ်ဦးကို မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁နှင့် ပို့ကုန်သွင်းကုန် အက်ဥပဒေ ပုဒ်မ ၈ တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

 ဘာသာရေးဆရာ နှစ်ဦးသည် ပြီးခဲ့သည့်၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က မုံးကိုးမြို့အနီး ပျောက်ဆုံးသွားခဲ့ပြီးနောက် ရက်ပေါင်း ၂၅ ရက်ကြာတွင် သူတို့နှစ်ဦးကို KIAအတွက် ငွေကြေး   ထောက်ပံ့ကူညီပေးခြင်း၊ သတင်းပေးခြင်းနှင့် လူသစ်စုဆောင်းပေးခြင်းနှင့် မဟုတ်မမှန် လုပ်ကြံဝါဒ ဖြန့်ဆောင်ရွက်ခြင်းကြောင်း ဖမ်းဆီးထားသည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required