အာစင်ဝင်းဂါးအပေါ် ဆက်ဆံနေမှုများမှာ လက်ခံနိုင်စရာ မရှိဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဝေဖန်

အာစင်ဝင်းဂါးအပေါ် ဆက်ဆံနေမှုများမှာ လက်ခံနိုင်စရာ မရှိဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဝေဖန်

ဖေဖော်ဝါရီ ၂၀၊ အင်္ဂလန် ။           ။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးအပေါ် ဆက်ဆံနေမှုများမှာ လက်ခံနိုင်စရာမရှိကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းကို ဆယ်စုနှစ်၂ ခုကြာ နည်းပြလာသည့် အာစင်ဝင်းဂါးသည် ပြီးခဲ့သည့်အပတ်က ချန်ပီယံလိဂ်တွင် ဘိုင်ယန်မြူးနစ်ကို အာဆင်နယ်အသင်း ၅-၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးခဲ့ရပြီးနောက် ပြင်းပြင်းထန်ထန်ဝေဖန်ခံရလျက်ရှိသည်။

‘ကစားသမားဟောင်းတွေ ဂျာနယ်လစ်တွေနဲ့ လူတွေက အာစင်ဝင်းဂါးကို ဘယ်လိုဆက်ဆံနေကြသလဲဆိုတာ ပြီးခဲ့တဲ့ ၁၀ ရက်လောက်က ကျွန်တော်တွေ့ပါတယ်။ တကယ်ကို လက်မခံနိုင်စရာပါပဲ’ ဟု ဟက်ဒါဖီးလ်နှင့် ဂိုးမရှိသရေကျခဲ့သော အက်ဖ်အေဖလားပွဲအပြီးတွင် ဂွါဒီယိုလာက ပြောသည်။

ထို့အပြင်း ၎င်းက နည်းပြအလုပ်ကို ကဏ္ဍပေါင်းစုံ၊ အလွှာပေါင်းစုံမှ လေးစားမှုမရှိကြတော့ကြောင်းလည်း ပြောဆိုခဲ့သည်။

ယခုနှစ်ရာသီတွင် အာဆင်နယ်အသင်း၏ဆိုးရွားနေသော ရလဒ်နှင့်ခြေစွမ်းပိုင်းကြောင့် အာစင်ဝင်းဂါးကို အသင်းမှထွက်ခွာသွားရန် ပရိသတ်အချို့က တောင်းဆိုမှုများရှိနေကြသည်။ အာဆင်နယ်နှင့်အာစင်ဝင်းဂါးတို့၏ စာချုပ်သက်တမ်းမှာလည်း ယခုနှစ်ရာသီအကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။

သတင်းများအမျိုးမျိုးထွက်ပေးနေသော်လည်း အာစင်ဝင်းဂါးကမူ အာဆင်နယ်အသင်းတွင် ဆက်လက်နည်းပြသွားလိုကြောင်းနှင့် နောက်ထပ်လေးနှစ်ခန့် နည်းပြလုပ်နိုင်သေးကြောင်း ပြောဆိုထားသည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required