အတိုင်းအတောတွေ ချက်ချင်းရပ်

အတိုင်းအတောတွေ ချက်ချင်းရပ်

မောင်မှန်တို့ဗမာတွေ အတော် အတိုင်အတောထူကြတာပဲ။ ထစ်ခနဲရှိ တိုင်လိုက်မယ်ဆိုတာချည်းပဲ။ နည်းနည်းလေးမှကို သည်းခံစိတ် မမွေးဘူး။ အခုလည်းကြည့် တိုင်ကြပြန်ပြီလေ။ သတင်းစာတစ်စောင်မယ် ဖတ်ရတယ်။ သတ်မှတ်မှတ်တိုင် မရပ်တာရယ် ယာဉ်စီးခ ပိုတောင်းတာရယ် စတဲ့ကိစ္စတွေကြောင့် YBS ကားအချို့ တိုင်ကြားခံရသတဲ့။ တိုင်တဲ့သူတွေ တော်တော်လွန်သွားပြီလို့ မောင်မှန်ထင်တာပဲ။

စဉ်းစားကြည့်ပါ။ အရင် မ.ထ.သ ခေတ်တုန်းကလည်း အရမ်းတိုင်၊ တအားတိုင် မဟားတရား တိုင်ကြတယ်။ ကားခပိုတောင်းလို့၊ မှတ်တိုင်ရပ်မပေးလို့၊ တွန်းချလို့၊ ဆွဲတင်လို့၊ စပယ်ရာရိုင်းလို့ စသဖြင့် အကြောင်းအမျိုးမျိုးပြ တိုင်ကြတယ်။ သတင်းစာထဲမလည်း ခဏခဏ ဖတ်ရတယ်။ တော်ကြာနေ ခရီးသည်ကို စပယ်ရာက လက်သီးနဲ့ ထိုးပြန်ပြီ၊ တုတ်နဲ့ရိုက်ပြန်ပြီ စတဲ့ ပြဿနာတွေလည်း အတော်များတယ်။ မောင်မှန်တို့လို စာတိုပေစရေးပြီး မ.ထ.သ ကို ကလိတဲ့ သခွပ်ပင်က မီးတကျီကျီငနဲတွေကလည်း မနည်းမနောရယ်။

မ.ထ.သ ဆီရောက်တဲ့ အမှုက တစ်လ၊ တစ်လ ရာချီတယ်။ ဒီတော့လည်း သူ့ဘက်က အကုန်ဘယ်ရှင်းနိုင်တော့မလဲ။ မရှင်းနိုင်လေလေ တိုင်တဲ့သူတွေက ဆက်တိုင်လေလေပေါ့။ နောက်ဆုံး လူပါးဝ ဘတ်စ်ကားများ ချက်ခြင်းရပ်ဆိုတာမျိုးအထိ ဖြစ်လာတယ်။ ဒီတော့ကာ တာဝန်ရှိသူတွေအပိုင်းက ဘယ်နေသာတော့မလဲ။ မင်းမဲ့စရိုက်တွေ၊ အကြမ်းဖက်တော့မှာတွေကို သိသိကြီးနဲ့ ဒီအတိုင်း ထိုင်ကြည့်နေမယ်ဆို ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အစိုးရ ဘယ်ဟုတ်ပါတော့မလဲ။ ဝင်ရောက်ကိုင်တွယ်ရတော့တာပေါ့။ Y.B.S ပေါ်ထွက်လာရတဲ့ အခြေခံအချက်တွေထဲမှာ အတိုင်အတောထူတဲ့ အချက်လည်း တစ်ချက်ပါမယ်လို့ မောင်မှန် ထင်ကြောင်းပါခင်ဗျ။

ကဲ တိုင်လိုက်ကြတဲ့ တိုင်တစ်လုံးငါးမတ်တွေ။ မ.ထ.သ ကြီး ပြုတ်သွားတော့ ဘာတွေဆက်ဖြစ်သလဲ၊ ကြည့်ရအောင်၊ ဖောင်းပွတိုင်စာတွေ ချက်ခြင်းရပ်ဆိုတာမျိုး ခဏတော့ ဖြစ်သွားတယ်။ ဘတ်စ်ကားတွေမှာ ၅၀ ခရီး၊ ၁၀၀ ခရီး၊ ၁၅၀ ခရီးတွေ အကုန်ဖျက်သိမ်းပစ်လိုက်တယ်။ (မြို့တွင်းပတ်တဲ့ ကားအချို့ကို ပုံသေ ၁၀၀ ကျပ် ပြန်သတ်မှတ်တာ နောက်မှ) ပုံသေယာဉ်စီးခ ၂၀၀ ကျပ်နဲ့ Y.B.S စတင်အသက်ဝင်ခဲ့တယ်။ တိုင်ကြလေ၊ တိုင်ကြဦး၊ ၅၀ လမ်းကို ၁၀၀ တောင်းတယ်တို့၊ ၁၀၀ လမ်းကို ၁၅၀ ယူတယ်တို့ ၁၅၀ ခရီးကို ၂၀၀ တန် ပြန်မအမ်းတော့ဘူးတို့၊ အားလုံး ၂၀၀ လုပ်ချပစ်လိုက်တော့ ပြီးရောမဟုတ်လား။ ပုံးထဲကို ပိုက်ဆံကိုယ်တိုင် ထည့်စနစ်နဲ့ စတင်တော့ စပယ်ရာနဲ့ ဖြစ်နိုင်တဲ့ ပြဿနာမှန်သမျှလည်း တစ်စထက်တစ်စ ချုပ်ငြိမ်းသွားရမှာ အမှန်ပဲလို့ မျှော်လင့်စရာရှိတယ်။

Y.B.S ဆိုတာ International Standard ပါ။ နိုင်ငံတကာစံချိန်ပါ။ ဗမာတွေ ကမ္ဘာနဲ့ ရင်ဘောင်တန်းမှာကို မလိုလားသူအချို့ကတော့ YBS စစချင်းမှာ ဝိုင်းပြီး မေတ္တာပို့ကြတာပေါ့လေ။ ဝင်ငွေမတိုးဘဲ ကားခတွေ တိုးသွားတယ်တို့၊ ခရီးစဉ် လိုင်းတွေက ရှုပ်ယှက်ခတ်နေတာပဲတို့၊ ကားတွေ တအားကျပ်တယ်တို့ စတာတွေနဲ့ ကိုင်ပေါက်ပစ်ခတ်ကြတယ်။ အဆိုးဘက်ကိုချည်း ကွက်မြင်၊ ကွက်ကြည့်ကြတယ်။ (ကားခပိုတောင်းတဲ့ ကိစ္စမရှိတော့လို့ အတိုင်းအတောမထူရတော့တာကိုပဲ မကျေနပ်ကြပြန်သလားတော့ မသိဘူး)

YBS စစချင်းမှာ စေတာနာ့ဝန်ထမ်း ကျောင်းသားပြည်သူတွေက ဝိုင်းဝန်းကူညီ ရိုင်းပင်းကြတာ အားလုံးအမြင်ပဲလေ။ နေပူကျဲကျဲမှာ (အရိပ်ခိုစရာ ဘာဆိုဘာမှ မရှိတဲ့ ကားမှတ်တိုင်တွေမှာ) ခရီးသွားပြည်သူတွေကို တစ်နေကုန် စောင့်ရှောက် ကူညီပေးခဲ့ကြတာ တကယ့်ကို အပြောင်းအလဲ လိုလားလို့ပါ။ ပြည်သူတွေ ထပ်မတိုင်ကြရအောင်လို့ပါ။ ပြည်သူတွေ ကမ္ဘာ့အဆင့်မီစေချင်လို့ပါ။

YBS စစချင်းမှာ တည်ကြည်လေးနက်စွာ ထောက်ခံအားပေးခဲ့သူတွေကို ကြည့်လိုက်မယ်ဆိုရင်လည်း စင်ကာပူ၊ လန်ဒန်၊ တိုကျို အစရှိတဲ့ ပြည်ပမြို့တော်ကြီးတွေမှာ ရောက်ရှိနေထိုင်နေတဲ့ ပညာတတ်၊ ပညာရှင်၊ ပညာရှိ ရွှေမြန်မာတွေပဲ များပါတယ်။ သူတို့က ရေးပြ ပြောပြမှပဲ မောင်မှန်တို့လည်း သိရတာလေ။ ဟိုမှာလည်း ကားကျပ်တာပဲတဲ့။ လမ်းလျှောက်ရတာပဲတဲ့။ ရန်ကုန်မှာ ကတ်စနစ် မဖြစ်သေးလို့ ခဏ ဒုက္ခရောက်ရတာတဲ့။ ဟိုမှာက ကတ်စနစ်က အသားကျနေပြီတဲ့။ ရန်ကုန်မှာလည်း ကတ်စနစ် လုပ်လိုက်ရင် အိုကေစိုပြေပဲတဲ့။ ဟုတ်မှာပါ။ ဟုတ်မှာပါ။ မယုံမရှိနဲ့ ကိုယ်တွေ့သမားတွေက ပြောကြတာပဲလေ။ မောင်မှန်ကတော့ ယုံပြီးသားပါ။

အဲ တစ်ခုတော့ရှိတယ်ခင်ဗျ။ YBS က တစ်လကျော်လာလို့လားတော့ မသိဘူး အခက်အခဲလေး နည်းနည်းတော့ ရှိလာတယ်။ ဒါလည်း မောင်မှန်က သဘောလောက်ပြောတာပါ။ တိုင်တာတောတာမျိုး မဟုတ်ပါဘူး။ ကိုယ်တွေ့လေးလည်းမိုလို့ပါ။ ဖြေရှင်းနိုင်ရင်လည်း ဖြေရှင်း၊ မဖြေရှင်းနိုင်လည်း ကြီးကြီးကျယ်ကျယ် ပြဿနာမျိုးတော့ မဟုတ်ပါဘူးခင်ဗျာ။ ဒီလိုပါ။

YBS  တွေစတော့ ကားခတွေ ပိုက်ဆံပုံးထဲထည့်ပြီး (ကိုယ်ရကိုယ်ယူမဟုတ်ပဲ) လိုင်းအလိုက် ဝေပုံကျ ခွဲယူရတယ်လို့ သိရပါတယ်။ (ဆိုရှယ်လစ်စနစ်ရဲ့ ကနဦးခြေလှမ်းများလားတောင် မသိပါဘူး) လက်တွေ့မှာတော့ အကြွေအမ်းဖို့တွေ ဘာတွေက ရှိနေတာမို့လား။ စပယ်ရာကလည်း ငွေကိုင်ထားရပြန်တာပေါ့။ (၂၀၀ တန်ဆောင်မလာလို့ နိုင်ငံကြီးသားမပီသရကောင်းလားဆိုတဲ့ စပယ်ရာရဲ့ အဆူအငေါက်လည်း မောင်မှန် ခံရဖူးပါတယ်။) ပိုက်ဆံပုံးကလည်း ပါတဲ့ကားပါသလို မပါတဲ့ကားလည်း ရှိပါတယ်။ မောင်မှန်ဟာ အငေါက်ခံရထားရတော့ ၂၀၀ တန် အမြဲဆောင်ပါတယ်။ ကားပေါ်တက်တာနဲ့ ပုံးပါရင် ပုံးဆီကို အလုအယက်သွားပြီး ၂၀၀ ပြေးထည့်ပါတယ်။ နိုင်ငံကြီးသားပီသအောင်လို့ပါ။ စပယ်ရာမငေါက်အောင်လို့ပါ။

တစ်ခါသားကျ ကားတစ်စီးမှာ မောင်မှန်ပုံးထဲ ငွေထည့်ပါတယ်။ စပယ်ရာက ဘုကြည့်ကြည့်ပြီး ဦးလေးကလည်း ကျနော့်ပေးတာမဟုတ်ဘူး၊ ကျနော်တို့က အကြွေအမ်းဖို့ အကြွေလိုတယ်တဲ့၊ ပုံးထဲထည့်တာ မကြိုက်တဲ့သဘော ပြောပါတယ်။ မောင်မှန်လည်း မှတ်သားထားရတာပေါ့။ နောက်တစ်ခါ နောက်တစ်စီး စီးရပြန်ရော၊ ဒီကားကျ အတက်တစ်ပေါက် အဆင်းတစ်ပေါက်ပါ၊ ပိုက်ဆံပုံးက အတက်ပေါက်အဝမှာ ပေမဲ့ တက်တဲ့လူများတော့ ဘယ်သူမှ ငွေထည့်ချိန်မရကြပါဘူး။ ကားနောက်ပိုင်းအထိ တန်းဝင်သွားကြရပါတယ်။ ကားထွက်တော့မှ ယာဉ်မောင်းဘေး ညာခြမ်းက ခုံမှာထိုင်နေတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်က မှာတမ်းချွေပါတယ်။ ဒီကားမှာ စပယ်ရာမပါတဲ့အကြောင်းနဲ့ ကားခကို ပုံးထဲ မှန်မှန်ကန်ကန်လာထည့်ကြဖို့ အကြောင်းပါ။ မောင်မှန်တို့ ခရီးသည်တွေ ရှေ့ပေါက်ကို ပြန်တိုးပြီး ခဲခဲယဉ်းယဉ်း ငွေ ၂၀၀ သွားထည့်ရပါတယ်ခင်ဗျာ။ ဒါတိုင်တာ မဟုတ်ပါဘူး။ ထပ်တိုင်ရင် ထပ်ဒုက္ခရောက်မယ်ဆိုတာ သိပါတယ်။ ခု ဧပြီ ၁ ရက်ကစပြီး ကတ်စနစ် စမယ်ကြားရပါတယ်။ ၃ လတစ်ကြိမ် YBS ကို အဆင့်မြင့်မယ်လို့လဲ သိရပါတယ် မတိုင်ကြပါနဲ့တော့ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly