YBS ယာဉ်လိုင်းအားလုံး သုံးလအတွင်း ကားသစ်ဝယ်ယူရမည်ဟု ၀န်ကြီးချုပ်ပြော

YBS ယာဉ်လိုင်းအားလုံး သုံးလအတွင်း ကားသစ်ဝယ်ယူရမည်ဟု ၀န်ကြီးချုပ်ပြော

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၉ ။              ။ လက်ရှိပြေးဆွဲနေသော YBS ယာဉ်လိုင်းများအားလုံးကို အဆင့်မြှင့်တင်မှုအနေဖြင့် ပထမသုံးလအတွင်း ကားသစ်များဖြင့် အသစ်ဝယ်ယူပြေးဆွဲရမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

လက်ရှိ YBS အဖြစ် ပြေးဆွဲနေသောကားအများစုမှာ ယခင် မထသလက်ကျန်ကားဟောင်းများဖြစ်ပြီး ယခုကဲ့သို့ ကားသစ်များနှင့်လှဲလှယ်ရန် ဝန်ကြီးချုပ်က ပြောကြားလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့က သုံးလတစ်ကြိမ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် အခုကျွန်တော်တို့ရဲ့ ဒုတိယလှုပ်ရှားမှုကတော့ ကားတွေအားလုံးကို အဆင့်မြှင့်တင် ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။ ဒီ အဆင့်မြှင့်တင်ဆောင်ရွက်တဲ့နေရာမှာ ကားအသစ်တွေဝယ်ယူပြီး ကုမ္ပဏီတွေကနေ စနစ်တကျပြေးဆွဲနိုင်ဖို့ ဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် သုံးလတစ်ကြိမ် အဆင့်မြှင့်တင်မှု ပြုလုပ်မည်ဖြစ်ပြီး YBS စနစ်သို့ ပထမအဆင့်ပြောင်းလဲပြီးနောက်   ယခု ဒုတိယအဆင့်အနေဖြင့် YBS အများပိုင်ကုမ္ပဏီများမှ ဧပြီလတွင် ကားသစ်များဖြင့် လဲလှယ်ပြေးဆွဲရမည်ဖြစ်သည်။

လက်ရှိ YBS စနစ်သစ်တွင် ဘတ်စ်ကားစီးရေ ၃,၅ဝဝ ကျော် ပြေးဆွဲနေပြီး စီးရေ ၄,၅ဝဝ အထိ ပြေးဆွဲနိုင်ရန် ရန်ကုန်တိုင်းအစိုးရက မျှော်မှန်းထားကြောင်း YART မှ သိရသည်။ တိုင်းဒေသကြီးအစိုးရမှလည်း လာမည့် ဧပြီလတွင် ဘတ်စ်ကားစီးရေ ၃,ဝဝဝ ခန့်ကို အစိုးရအချင်းချင်း ဝယ်ယူသည့်စနစ်ဖြင့် မှာယူတင်သွင်းသွားမည် ဖြစ်သည်။

ထိုသို့ ပြေးဆွဲနိုင်ရန် အများပိုင်ကုမ္ပဏီများမှ ကားသစ်ဝယ်ယူရာတွင် အရည်သွေးကောင်းမွန်သော ကားများဝယ်ယူနိုင်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မျှော်မှန်းထားသည်ဟု ဆိုသည်။

 “ အရည်အသွေးကောင်းမွန်တဲ့ ကားတွေ ဖြစ်နိုင်ဖို့ကို မျှော်မှန်းထားပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီလုပ်ငန်း ဟာ ကားသစ်တွေနဲ့ ဆောင်ရွက်ခြင်းဟာ စီးပွားရေးအရရော တွက်ခြေကိုက်ပါတယ်။ ကားအဟောင်းတွေကို အမြဲတမ်းပြင်ဆင်နေပြီးတော့ အချိန်နဲ့တစ်ပြေးညီ မပြေးဆွဲနိုင်တဲ့ ကားတွေနဲ့သာ ဒီလုပ်ငန်းကို ဆောင်ရွက် နေမယ်ဆိုရင် ကုမ္ပဏီလုပ်ငန်းမှာလည်း အရှုံးပေါ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကားအသစ်တွေနဲ့ ပြေးဆွဲနိုင်ဖို့ ဆောင်ရွက်ခြင်းဟာ အရေးကြီးတဲ့အပြောင်းအလဲတစ်ရပ် ဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

YBS ယာဉ်လိုင်းများကို အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က (က) အစုရှယ်ယာအဖြစ် ပါဝင်သွားမည်ဖြစ်ကြောင်း၊ YBS စနစ်အတွက် လျာထားငွေ ကျပ် ၇၅ ဘီလီယံမှ ဘတ်စ်ကားသစ်များ ဝယ်ယူရေးအတွက် ဘဏ္ဍာငွေ လျာထားပြီးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required