KNU ၏ ညီလာခံနှင့် တိုက်ဆိုင်နေ၍ ၂၁ ရာစုပင်လုံ ညီလာခံ မတက်ရောက်ရန် ဆုံးဖြတ်

KNU ၏ ညီလာခံနှင့် တိုက်ဆိုင်နေ၍ ၂၁ ရာစုပင်လုံ ညီလာခံ မတက်ရောက်ရန် ဆုံးဖြတ်
ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပပုံအား တွေ့ရစဉ်။ ဓာတ်ပုံ-EPA
 

ချင်းမိုင်၊ဖေဖော်ဝါရီလ ၁၉ ။            ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ၁၆ ကြိမ်မြောက် ညီလာခံကို လာမည့် မတ်လ ၁၄ ရက်နေ့တွင် ကျင်းပရန်မည် ဖြစ်၍ ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်နိုင်မည်မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဌာချုပ်လောခီးလာတွင် ကျင်းပသည့် အရေးပေါ်အစည်းအဝေး ကျင်းပ၍ သတ်မှတ်လိုက်သည်။

ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံကို မတ်လ ၁၅ ရက်သို့ ရွှေ့ဆိုင်းလိုက်သဖြင့် ၎င်းတို့ညီလာခံနှင့်လည်း တိုက်ဆိုင်နေသောကြောင့် KNU အနေဖြင့် တက်ရောက်နိုင်ခြင်းမရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု KNU ၏ တွဲဖက်အတွင်းမရေးမှူး (၂) ဖဒိုမန်းမန်းက ပြောသည်။

ပြီးခဲ့သည့် KNU ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် ၁၆ ကြိမ်မြောက်ညီလာခံကို မတ်လ ၁၄ ရက်နေ့တွင် ကျင်းပရန် ဆုံးဖြတ်ထားပြီး ဖြစ်သလို၊ ယမန်နေ့ အစည်းအဝေးတွင် ထပ်မံ အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“ကနဦးဗဟိုကော်မတီမှာ ဆုံးဖြတ်ထားတဲ့အတိုင်းဘဲ ကျွန်တော်တို့ ဒါကို ဆက်လုပ်ထားမယ်လို့ မနေ့က အလုပ် အမှုဆောင်အစည်းအဝေးမှာ ထပ်မံ ဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်တယ်။ မနေ့က အဓိက အဲဒါပဲ ဆွေးနွေးတယ်။ ၂၁ ညီလာခံလည်း ပတ်သက်ပြီးတော့ ရက်ကို ပြန်ညှိမယ်ဆိုတော့ မနေ့က သဘောထားဆုံးဖြတ်ချက်က ကျွန်တော်တို့ မတက်ရောက်နိုင်တဲ့အကြောင်းကိုတော့ အစိုးရကိုတော့ ကြိုပြီးတော့ အသိပေးအကြောင်းကြားပေးမယ်ဆိုတဲ့ ဆုံးဖြတ်လိုက်တာပေါ့နော်”ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုကျင်းပမည့် ၁၆ ကြိမ်မြောက် ညီလာခံတွင် KNU ၏ ခရိုင် ၇ ခုမှ တာဝန်ရှိသူများ တက်ရောက်မည် ဖြစ်ကာ ယခုနှစ်တွင် ကရင်နိုင်ငံရေးပါတီများ၊ ပြည်တွင်း ပြည်ပမှ ကရင်အမျိုးသားအဖွဲ့အစည်းများကို လေ့လာသူများအဖြစ် ဖိတ်ကြားထားရန် ယမန်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

အထူးသဖြင့် ယခုနှစ် ကျင်းပမည့် ညီလာခံတွင် KNU ၏ ဌာန ၁၄ ခုမှ ၄ နှစ်သာကာလလုပ်ငန်းများကို ပြန်လည်သုံးသပ်ခြင်း၊ လက်ရှိ နိုင်ငံရေး၊ ငြိမ်းချမ်းအခြေအနေများ အဓိက သုံးသပ်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖဒိုမန်းမန်းက ပြောသည်။

၄ နှစ်တစ်ကြိမ် ကျင်းပသည့် ၎င်းညီလာခံတွင် သက်တမ်းအသစ်အတွက် အလုပ် အမှုဆောင် ကော်မတီဝင် ၁၁ ဦးနှင့် ဗဟိုကော်မတီဝင် ၄၅ ဦး ရွေချယ်သွားမည်ဖြစ်ကာ ထိုအထဲတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများကို ပြန်လည် ရွေးချယ်တင်မြှောက်မည် ဖြစ်ကြောင်း သူက ပြောသည်။

ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံကို မူလက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကျင်းပရန် သတ်မှတ်ခဲ့ပြီးနောက် တစ်ချို့ တိုင်းရင်းသားအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပနိုင်သေးသဖြင့် မတ်လ ၁၅ ရက်သို့ ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်သည်။

အစိုးရဘက်မှ မတ်လအတွင်းမှာ ကျင်းပမည်ဆိုသော တရားဝင် ဖိတ်စာ မရရသေးကြောင်း ပဒိုမန်းမန်းက ပြောသည်။

“အစိုးရဘက် မတ်လမှာ ကျင်းပမယ်ဆိုတာ တရားဝင် ကြေညာတာတော့ မရသေးပါဘူး။ ချွင်းချက်အနေနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာရင် ဟိုဘက်လည်း အရေးကြီး၊ ဒီဘက်လည်း အရေးကြီးဆိုတော့ တစ်စုံတရာ စဉ်းစားကောင်းစဉ်းစားမယ်။ ဒါပေမယ့် မနေ့က အစည်းအဝေးမှာတော့ တိုက်ဆိုင်မယ်ဆိုရင်တော့ မတတ်နိုင်ဘူးဆိုတာကတော့ အသိပေးသွားဖို့ ဆုံးဖြတ်ထားတာတော့ ရှိတာပေါ့လေ”ဟု သူက ဆက်လက် ပြောဆိုသည်။ 

KNU သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလက ယခင်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရပ်စဲရေး စာချုပ်မူကြမ်း (NCA)ကို အခြား လက်နက်ကိုင် အဖွဲ့အစည်း ၇ဖွဲ့နှင့် အတူ လက်မှတ်ရေးထိုးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required