ကဒ်စနစ်ဖြင့် ယာဉ်စီးခပေးချေမှု ဧပြီတွင် စတင်နိုင်မည်

ကဒ်စနစ်ဖြင့် ယာဉ်စီးခပေးချေမှု ဧပြီတွင် စတင်နိုင်မည်
ဓာတ်ပုံ-သက်ကို
 

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၉ ။            ။ YBS ဘတ်စ်ကားများ ယာဉ်စီးခပေးချေမှုအား ကဒ်စနစ်ဖြင့် ပြုလုပ်ရန် လာမည့် ဧပြီလအတွင်း အကောင် အထည်ဖော်နိုင်ရန် စီစဉ်နေကြောင်း YRTA မှ သိရသည်။

“Payment Card (ကဒ်ဖြင့် ငွေပေးချေမှု) ကိုလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်က ယာဉ်စီးခကို လျော့စေချင်လို့ဖြစ်ပါတယ်။ ကျွန်တော်တို့ စီးသလောက်ပဲ ပေးချေရမဲ့ အဆင့်ထိ ဖြစ်အောင် ကျွန်တော်တို့ လုပ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အနိမ့်ဆုံးလစာပေါ် အခြေပြုပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်” ဟု တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ကဒ်စနစ် အသုံးပြုပုံမှာ ကားအတက်၊ အဆင်း တစ်ခါစီ ဖြတ်ရမည်ဖြစ်ပြီး သတ်မှတ်မိုင်ပေါ်မူတည်ပြီး ကျသင့်သလောက်သာ ပေးချေရမည်ဖြစ်သည်။ သို့သော် ကဒ်ဖြင့် အဆင်းတစ်ခါမဖြတ်မိပါက ပုံသေသတ်မှတ်ထားသည့် ယာဉ်စီးခ ၂ဝဝ ကျပ်ကို ဖြတ်တောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Yangon Payment Service ဖြင့် ငွေပေးချေမှုကဒ် စတင်သွားမည်ဖြစ်ပြီး ကုမ္ပဏီများကိုလည်း ကဒ်စနစ် ထုတ်လုပ်ခွင့်ပေးသွားမည်ဖြစ်ကာ  ကဒ်ငွေပေးချေမှုအတွက် ဘဏ်များဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်သွားမည်ဖြစ်သည်။

အဆိုပါ ကဒ်စနစ်ငွေပေးချေမှုတွင် မော်တော်ကား၊ ရေလမ်း၊ မီးရထား စီးနင်းခွင့်များ ပါဝင်ပြီး  ဈေးဝယ်ကဒ်အနေဖြင့်လည်း အသုံးပြုနိုင်မည့် စနစ်မျိုးဖြစ်သည်ဟု ဆိုသည်။

“အခု ကျွန်တော်တို့ ကျင့်သုံးမယ့် ငွေပေးချေမှု (Payment) စနစ်ကတော့ ကားလည်း စီးလို့ရမယ်၊ ရေလမ်းလည်း စီးလို့ရမယ်၊ မီးရထားလည်း စီးလို့ရမယ်၊ ဈေးလည်းဝယ်လို့ ရမယ်ဆိုတဲ့ ကဒ်မျိုး၊ ဘယ်ကဒ်မဆို ဒီလိုမျိုးတွေမှာ ပါဝင်ခွင့်ရနိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်သွားနိုင်ဖို့အတွက် Yangon Payment Service တစ်ခုကို ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ် ”ဟု တိုင်းဝန်ကြီးချုပ်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇန်နဝါရီလ ၁၆ ရက်နေ့စကာ မထသ မှ အများပိုင်စနစ် ယာဉ်လိုင်းစနစ် အဖြစ်ပြောင်းလဲလိုက်ပြီးနောက် ယာဉ်လိုင်းများ အဆင့်မြှင့်တင်မှုကို ၃ လတစ်ကြိမ်စီ ပြုလုပ် သွားမည်ဖြစ်ကာ လာမည့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတကာအဆင့်မီ ခရီးသွားသယ်ယူပို့ဆောင်ရေးအဖြစ် လုပ်ဆောင် နိုင်ရန် အစီအစဉ်များရေးဆွဲထားကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required