ဒူတာတေးက အမေရိကန်အကျိုးစီးပွားအတွက် လက်ညိုးထောင်ခေါင်းညိတ်လုပ်နေသည် စွပ်စွဲကာ ဖိလစ်ပိုင်ကျောင်းသားများ ဆန္ဒပြ

ဒူတာတေးက အမေရိကန်အကျိုးစီးပွားအတွက် လက်ညိုးထောင်ခေါင်းညိတ်လုပ်နေသည် စွပ်စွဲကာ ဖိလစ်ပိုင်ကျောင်းသားများ ဆန္ဒပြ

မနီလာ၊ ဖေဖော်ဝါရီ ၁၈ ။                   ။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က ကျောင်းသားတွေဟာ သမ္မတဒူတာတေးက အမေရိကန် အကျိုးစီးပွား ရှိစေရန် လက်ညိုးထောင်ခေါင်းညိတ်လုပ်နေတယ် စွပ်စွဲကြလျက် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဆန္ဒပြကြပြီး နှစ်နိုင်ငံကြားက ကာကွယ်ရေးပဋိညာဉ်ကို ဖျက်သိမ်းဖို့ တောင်းဆိုလိုက်ပါတယ်။

နယ်ချဲ့ဝါဒဆန့်ကျင်ရေး ဖိလစ်ပိုင်ကျောင်းသားအသင်း LFS က ဦးဆောင်တဲ့ ဒါဇင်များစွာသော ဆန္ဒပြကျောင်းသားတွေဟာ အမေရိကန်သံရုံဆီ ချီတက်ပြီး နှစ်နိုင်ငံကြားက ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး သဘောတူညီမှု EDCA ကို အဆုံးသတ်ဖို့ တောင်းဆိုကြပါတယ်။

ဒီသဘောတူညီမှုက အရှေ့တောင်အာရှ ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ အမေရိကန်တပ်တွေ ကြာရှည်ရှိနိုင်ခွင့်နဲ့ ဖိလစ်ပိုင်မှာ အခြေစိုက်ပြီး စစ်ရေးဆိုင်ရာတွေ တည်ဆောက်လည်ပတ်ခွင့်ကို ခွင့်ပြုပေးတဲ့ သဘောတူညီမှုတစ်ရပ်ဖြစ်ပါတယ်။

ရဲအင်အား များများစားစား ရှိနေတဲ့ကြားက ဖိလစ်ပိုင်ကျောင်းသားတွေဟာ “အမေရိကန်တပ်တွေ ထွက်သွား”၊ “EDCA အဆုံးသတ်” စတဲ့ကြွေးကြော်သံတွေ ဟစ်ကြွေးကြပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ အမေရိကန်ဆန့်ကျင်ရေး ပြောခဲ့ဆိုခဲ့မှုတွေနဲ့အညီ မလုပ်ဆောင်နိုင်တာကိုလည်း ဝေဖန်ကြကြောင်း ဆန္ဒပြရာမှာ ရောက်ရှိနေတဲ့ EPA သတင်းထောက်က ဆိုပါတယ်။

ဆန္ဒပြကျောင်းသားတွေဟာ အမေရိကန်အလံကိုလည်း မီးရှို့ကြပါတယ်။

“အာဏာရတာ လတော်တော်ကြာပြီ။ ဒူတာတေး သက်သေပြလာတာက သူဟာ အသံသာရှိပြ အဆံချောင်သူတစ်ဦးဆိုတာပဲ။”ဟု LFS အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပြောဆိုပါတယ်။

အောက်တိုဘာလအတွင်းက ဒူတာတေးဟာ ဖြစ်နိုင်သမျှ နှစ်နှစ်အတွင်း အမေရိကန်တပ်တွေကို တိုင်းပြည်အတွင်းက ထွက်ခွာစေမှာဖြစ်ကြောင်း၊ လိုအပ်ရင်လည်း ဝါရှင်တန်နဲ့ ချုပ်ဆိုထားတဲ့ ကာကွယ်ရေးပဋိညာဉ်ကို အဆုံးသတ်ဖို့ ဆန္ဒရှိကြောင်း ပြောထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly