ပရီးမီးယားလိဂ်နည်းပြများ အက်ဖ်အေဖလားကို အလေးထားခြင်း မရှိဟု မော်ရင်ဟိုစွပ်စွဲ

ပရီးမီးယားလိဂ်နည်းပြများ အက်ဖ်အေဖလားကို အလေးထားခြင်း မရှိဟု မော်ရင်ဟိုစွပ်စွဲ

ဖေဖော်ဝါရီ ၁၈၊ မန်ချက်စတာ။           ။ ဘဝတူ ပရီးမီးယားလိဂ်နည်းပြ အတော်များများသည် အက်ဖ်အေဖလားအပေါ် ရှိသင့်သည့်အလေးထားမှုမျိုးမရှိဟု မန်ချက်စတာယူနိုက်တက် နည်းပြမော်ရင်ဟိုက စွပ်စွဲလိုက်သည်။

အက်ဖ်အေဖလားပြိုင်ပွဲမှ ပရီးမီးယားလိဂ်အသင်း ထက်ဝက်ကျော် ထွက်ခွာခဲ့ရချိန်တွင် အက်ဖ်အေဖလား လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်သည် တနင်္ဂနွေနေ့တွင် ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းနှင့် ကစားရမည် ဖြစ်သည်။

လီဗာပူးလ်နှင့်ဆောက်သမ်တန်အပါအဝင် ပရီးမီးယားလိဂ်အသင်း ၁၂ သင်းသည် တတိယအဆင့်နှင့် စတုတ္ထအဆင့်မှထွက်ခွာခဲ့ ရပြီး ပြိုင်ဘက်အချို့မှာ လက်ရှိရာသီတွင် အက်ဖ်အေဖလားပြိုင်ပွဲအပေါ် လုံလောက်သည့်အလေးထားမှုမျိုးမရှိဟု မော်ရင်ဟိုက ဆိုလိုက်သည်။

“ကျွန်တော်တို့မှာ အင်္ဂလိပ်နည်းပြများများစားစားမရှိလို့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လိုက်နာသင့်တဲ့ ရိုးရာအစဉ်အလာကို လိုက်နာမယ့်သူမျိုးတွေပေါ့။

ကျွန်တော်တို့လို နိုင်ငံခြားသားနည်းပြတွေဟာ ဒီနိုင်ငံရဲ့ ရိုးရာအစဉ်အလာကို လူတိုင်းမလေ့လာ၊ နားမလည်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အဲဒါက ပုံမှန်အားဖြင့်တော့ ရပ်တည်မှု သဘောထားနဲ့ပဲ ဆိုင်ပါတယ်။ အဲဒါက လွယ်တယ်၊ မလွယ်ဘူးစတဲ့ ထင်မြင်ယူဆချက် တွေပေါ့။ အောက်မှာရှိတဲ့ လိဂ်ကအသင်းတွေကလည်း ပိုကောင်းသထက်   ကောင်းလာပါတယ်။

ကျွန်တော့်အနေနဲ့ပြောရရင် အဲဒီလိုအခြေအနေမျိုးကို ချယ်လ်ဆီးမှာပထမဆုံးကြုံခဲ့ရဖူးပြီး နယူးကာဆယ်နဲ့ကစားခဲ့ရတာပါ။ ဒါကြောင့် အဲဒါက ကျွန်တော့်အတွက်သင်ခန်းစာဖြစ်ခဲ့ရပါတယ်။

ချန်ပီယံလိဂ်မှာ ဘာစီလိုနာ၊ လိဂ်ဖလားဗိုလ်လုပွဲမှာ လီဗာပူးတို့နဲ့ကစားရမယ့်ပွဲတွေနဲ့ တစ်ပတ်ထဲကျနေလို့ ကျွန်တော်အဲဒီဖလား ကိုစွန့်လွှတ်ခဲ့မိတယ်။

ရှေ့တနင်္ဂနွေမှာကစားရတဲ့ နယူးကာဆယ်နဲ့ အက်ဖ်အေဖလားပွဲကို စွန့်လွှတ်ခဲ့မိတာ။ ပွဲထွက်လူစာရင်းနဲ့ပတ်သက်ပြီး အလွန် အကျွံစွန့်စားခဲ့တယ်။

ဘာစီလိုနာနဲ့ လီဗာပူးလ်ပွဲတွေကိုပဲ အလွန်အကျွံအာရုံစိုက်ခဲ့မိတယ်။ ဘာစီလိုနာကို နှစ်ကျော့ပေါင်း ၅-၄ နဲ့နိုင်ပြီး လိဂ်ဖလားမှာ လီဗာပူးလ်ကိုနိုင်လို့ အဲဒါကကောင်းတော့ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ အက်ဖ်အေဖလားကိုစွန့်လွှတ်လိုက်ရတဲ့ ခံစားချက်ကတော့ မကောင်းခဲ့ဘူး။

ဒါကြောင့်အခုတော့ မစွန့်လွှတ်တော့ဘူး။ တကယ်လို့ ကျွန်တော်ရှုံးခဲ့ရင် အဲဒါပြိုင်ဘက်ကပိုကောင်းလို့၊ ဒါမှမဟုတ် ကျွန်တော်တို့ကောင်းကောင်းမကစားနိုင်လို့ပဲ။ ကျွန်တော်တို့ စွန့်လွှတ်လိုက်တာတော့ မဖြစ်စေရဘူး။

အမြဲပြင်းပြင်းထန်ထန်ကြိုးစားမယ်။ ဝင်ဘာလေကွင်းကို သဘောကျတယ်။ အက်ဖ်အေဖလားကိုသဘောကျတယ်။ ဒါကြောင့် နောက်တစ်ကြိမ်ရအောင်ကြိုးစားမယ်”ဟု မော်ရင်ဟိုက ပြောသည်။

မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းကို ပထမဆုံးအကြိမ်ကိုင်တွယ်နေစဉ် ၂၀၀၇ ခုနှစ်တွင် အက်ဖ်အေဖလားရယူနိုင်ခဲ့သည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly