ကင်ဂျုံးနမ် လုပ်ကြံမှုနဲ့ အဖမ်းခံထားရတဲ့ အင်ဒိုနီးရှားအမျိုးသမီးက ရုပ်သံဟာသအစီအစဉ်မှာ ပါ၀င်ပေးရတယ် ထင်မှတ်ခဲ့ဟုဆို

ကင်ဂျုံးနမ် လုပ်ကြံမှုနဲ့ အဖမ်းခံထားရတဲ့ အင်ဒိုနီးရှားအမျိုးသမီးက ရုပ်သံဟာသအစီအစဉ်မှာ ပါ၀င်ပေးရတယ် ထင်မှတ်ခဲ့ဟုဆို

ပြုံယမ်း၊ ဖေဖော်ဝါရီ ၁၈ ။              ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ ဖအေတူမအေကွဲ အစ်ကိုဖြစ်သူ ကင်ဂျုံးနမ်ကို လုပ်ကြံမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အင်ဒိုနီးရှားအမျိုးသမီးက သူဟာ ရုပ်သံဟာသ အစီအစဉ်တစ်ခုအတွက် ပါဝင်သရုပ်ဆောင်ပေးခဲ့ရတာလို့ ထင်မှတ်နေခဲ့တာဖြစ်ကြောင်း ရဲက ပြောပါတယ်။

ကင်ဂျုံးနမ်ဟာ ဖေဖော်ဝါရီ ၁၃ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ လေယာဉ်စောင့်နေချိန် အဆိပ်နဲ့ လုပ်ကြံခံရတယ်လို့ ကောက်ချက်ချထားပါတယ်။ ကင်ဂျုံးနမ်သေဆုံးမှုနဲ့ ပတ်သက်ပြီး အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးထားပါတယ်။

အသက် ၂၅ နှစ်ရှိတဲ့ အင်ဒိုနီးရှားအမျိုးသမီး ဆီတီအစ်ဆယက်စ်က နောက်ပြောင်ကျီစယ်မှုတီဗီအစီအစဉ်တစ်ခုအတွက် ငွေကြေးအနည်းငယ်ရလို့ ပါဝင်သရုပ်ဆောင်ပေးခဲ့ရတာလို့ဆိုကြောင်း မလေးရှားအာဏာပိုင်တွေထံက ရရှိတဲ့ သတင်းအချက်အလက်အရ အင်ဒိုနီးရှားအမျိုးသားရဲဌာနအကြီးအကဲ တီတိုကာနာဗီယန်က ပြောပါတယ်။

အခုလို နောက်ပြောင်မှုမှာ နောက်ထပ်အမျိုးသမီးတစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အမျိုးသားတွေကို ယုံလောက်အောင်ပြောပြီး မျက်စိမှိတ်ခိုင်းကာ ရေပါတဲ့ မှုတ်ဆေးဘူးနဲ့ ဖျန်းမှုတ်ကျီစယ်ရတဲ့ အစီအစဉ်အနေနဲ့ ပုံမှားရိုက်ခိုင်းစေခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“အဲဒီလို နောက်ပြောင်ကျီစယ်မှုမျိုး သုံးလေးကြိမ် လုပ်ခဲ့ရတယ်။ ခုလို ဝင်ရောက်ကူညီပေးတဲ့အတွက် သူတို့နှစ်ယောက်ကို ဒေါ်လာနည်းနည်းစီပေးတယ်။ နောက်ဆုံး နောက်ပြောင်းခိုင်းခံရတဲ့သူက ကင်ဂျုံးနမ်ပဲ။ အဲဒီအခေါက်မှာတော့ မှုတ်ဆေးဘူးမှာ အဆိပ်ဖြစ်တဲ့ဓာတ်တွေ ပါနေတာဖြစ်ပါမယ်။”ဟု တီတိုက ပြောပါတယ်။

“ဆီတီအနေနဲ့ သူလျှိုအေဂျင့်တွေရဲ့ လုပ်ကြံမှုမှာ ပါနေရတယ်လို့ သိတာမဟုတ်ဘူး။”လို့ ၎င်းက ဖြည့်စွက်ဆိုပါတယ်။

ခုသတင်းကြားတော့ ထိတ်လန့်သွားရတယ်လို့ ပြောတဲ့ ဆီတီမိသားစုဝင်တွေက ဆီတီဟာ ရုန်းကန်နေရတဲ့ ကလေးအမေတစ်ဦးဖြစ်ပြီး မလေးရှားကို အလုပ်လုပ်ဖို့ သွားရောက်ခဲ့တာဖြစ်တယ်လို့   ပြောကြပါတယ်။

ဆီတီရဲ့ အသက် ၂၆ နှစ်ရှိ ရည်းစားဖြစ်တဲ့ အမျိုးသားကိုလည်း ဖေဖော်ဝါရီ ၁၆ ရက်နောက်ပိုင်းမှာ ရဲက ဖမ်းဆီးထားပါတယ်။ ရဲဌာနအနေနဲ့ အခြားသံသယရှိ ကြံရာပါတွေကို ဖမ်းဆီးနိုင်ဖို့ လိုက်လံ ရှာဖွေလျက်ရှိနေပါတယ်။

ကွာလာလမ်ပူလေဆိပ်မှာ အသက် ၄၆ နှစ်ရှိတဲ့ မြောက်ကိုရီးယားပြည်ပြေး ကင်ဂျုံးနမ် သေဆုံးမှုအတွက် ဖမ်းဆီးထားတဲ့ ဆီတီနဲ့ ဗီယက်နမ်ပတ်စ်ပို့ကိုင်ဆောင်တဲ့ အမျိုးသမီးကို မလေးရှား အာဏာပိုင်တွေက ဆက်လက်စုံစမ်း မေးမြန်းလျက်ရှိတုန်းလည်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly