လာမည့်သီတင်းပတ်တွင် လူဝင်မှုကြီးကြပ်ရေးအထူးအမိန့်သစ် ထုတ်ပြန်မည်ဟု ထရမ့်ပြော

လာမည့်သီတင်းပတ်တွင် လူဝင်မှုကြီးကြပ်ရေးအထူးအမိန့်သစ် ထုတ်ပြန်မည်ဟု ထရမ့်ပြော

ဝါရှင်တန်ဒီစီ၊ ဖေဖော်ဝါရီ ၁၇ ။            ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လာမယ့်သီတင်းပတ်အတွင်းမှာ လူဝင်မှုကြီးကြပ်ရေးအထူးအမိန့်သစ်တစ်ရပ်ကို ထုတ်ပြန်မယ်လို့ ဖေဖော်ဝါရီ ၁၆ ရက်က ပြောပါတယ်။

အိမ်ဖြူတော်က သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံကို ကာကွယ်ရေးအတွက် အမိန့်သစ်ကို ပြဌာန်းဖို့ ထုတ်ပြန်မှာဖြစ်ကြောင်း ထရမ့်က ပြောပေမယ့် အသေးစိတ်တော့ ပြောဆိုခြင်း မရှိပါဘူး။

“အလွန်စေ့စေ့စပ်စပ် လုပ်ဆောင်သွားမှာဖြစ်တယ်။”လို့ ထရမ့်က ပြောဆိုပြီး ၎င်းတို့အစိုးရအဖွဲ့အနေနဲ့ “ထင်တာထက်တောင် ခြေလှမ်းသွက်သွက်နဲ့ လှမ်းချီနေတယ်။”လို့လည်း ဖြည့်စွက်ပြောပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ ခရီးသွားလာခွင့် ပိတ်ပင်မိန့်ကို ဗဟိုအယူခံတရားရုံးက ပယ်ချလိုက်ပြီးနောက်မှာ ထရမ့်က ခုလို ပြောလာတာလည်းဖြစ်ပါတယ်။

ဇန်နဝါရီနောက်ပိုင်းက ထရမ့်လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ ခရီးသွားလာခွင့်ပိတ်ပင်မိန့်နေရာမှ အစားထိုးအမိန့်တစ်ရပ် ထုတ်ပြန်မယ် ပြောထားတဲ့အတိုင်း အကောင်အထည်ဖော်ခြင်းပဲဖြစ်တယ်လို့ ထရမ့်က ဆိုပါတယ်။

အများစုမွတ်စလင်နိုင်ငံတွေဖြစ်တဲ့ နိုင်ငံပေါင်း ခုနစ်နိုင်ငံက ပြည်သူတွေကို အမေရိကန်လာရောက်ခွင့် ပိတ်ပင်တဲ့ ထရမ့်ရဲ့ အမိန့်ကို ပြည်နယ်တရားရုံးက ပယ်ချထားတာဖြစ်ပါတယ်။

အစိုးရက ခုလိုပယ်ချခံရတာနဲ့ပတ်သက်ပြီး တရားရုံးချုပ်ဆီ အမှုကို တင်ဖို့ စီစဉ်ခဲ့ပေမယ့် တရားရေးဌာနက အမိန့်သစ်တစ်ရပ်နဲ့ အစားထိုးဖို့ ပြောဆိုခဲ့တာဖြစ်ကြောင်း ထရမ့်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly