ကင်ဂျုံးနမ်း အသတ်ခံရမှု သံသယရှိတဲ့ နောက်ထပ်အမျိုးသမီးတစ်ဦးအား မလေးရှားရဲ ဖမ်းဆီးမိ

ကင်ဂျုံးနမ်း အသတ်ခံရမှု သံသယရှိတဲ့ နောက်ထပ်အမျိုးသမီးတစ်ဦးအား မလေးရှားရဲ ဖမ်းဆီးမိ

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၆ ။                ။ မလေးရှားနိုင်ငံမှာ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အဖေတူအမေကွဲ အစ်ကိုဖြစ်သူ ကင်ဂျုံးနမ်း အသတ်ခံရတဲ့အမှုမှာ နောက်ထပ်သံသယရှိတဲ့ ဒုတိယမြောက်အမျိုးသမီးကို ရဲတွေ ဖမ်းမိကြောင်း မလေးရှားရဲချုပ်က ပြောပါတယ်။

Bernama သတင်းဌာနကို ရဲချုပ် အဘူဘတ်ကာက အတည်ပြုခဲ့တာဖြစ်ပြီး နောက်ပိုင်းထုတ်ပြန်ပေးမယ်လို့လည်း ဆိုပါတယ်။

ကင်ဂျုံးနမ်းရဲ့ ရုပ်အလောင်း ရင်ခွဲစစ်ဆေးပြီးချိန် အချိန်ပိုင်းအတွင်းမှာပဲ ခုသတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ကင်ဂျုံးနမ်းဟာ ဖေဖော်ဝါရီ ၁၃ ရက်က ကွာလာလမ်ပူလေဆိပ်မှာ လေယာဉ်စောင့်နေစဉ် အမျိုးသမီးနှစ်ဦးက အဆိပ်ခတ်လုပ်ကြံခဲ့တာဖြစ်ပါတယ်။

မလေးရှားနိုင်ငံအနေနဲ့ အလောင်းခွဲစိတ်မှုကို လူသိရှင်ကြား ထုတ်ပြန် မပြန်က မသေချာသေးပါဘူး။ မြောက်ကိုရီးယားဖက်ကတော့ အလောင်းခွဲစိတ်တာကို ကန့်ကွက်နေခဲ့ပြီး ရုပ်အလောင်းကို   ပေးအပ်ဖို့ တောင်းဆိုနေခဲ့ပါတယ်။

ကင်ဂျုံးနမ်း လုပ်ကြံမှုနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၅ ရက်က ပထမဖမ်းဆီးရမိထားတဲ့ အမျိုးသမီးဟာ ဗီယက်နမ် ပတ်စပို့ကိုင်ဆောင်ထားသူဖြစ်တယ်လို့လည်း သိရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်နဲ့ ဆက်ဆံရေးခပ်တန်းတန်းရှိတဲ့ ကင်ဂျုံးနမ်းဟာ ပြည်ပမှာ အနေများသူဖြစ်ပါတယ်။ မြောက်ကိုရီးယားက ကင်ဂျုံးနမ်းကို ငါးနှစ်ကျော်ကြာ လိုက်လံ လုပ်ကြံနေတာဖြစ်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီက ဆိုပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required