ဆန္ဒပြမှုများကြားက ဂျကာတာမြို့တော်ဝန်ရွေးကောက်ပွဲ ကျင်းပ

ဆန္ဒပြမှုများကြားက ဂျကာတာမြို့တော်ဝန်ရွေးကောက်ပွဲ ကျင်းပ

ဂျကာတာ၊ ဖေဖော်ဝါရီ ၁၅ ။           ။ အင်ဒိုနီးရှားနိုင်ငံက ဂျကာတာမြို့တော်ဝန်ရွေးကောက်ပွဲကို ပြန်လည်အရွေးခံဖို့ ကြိုးစားနေတဲ့ လက်ရှိမြို့တော်ဝန် ဘာဆူကီပူနာမာနဲ့ မွတ်စလင်ဆန္ဒပြသူတွေကြား တင်းမာမှုတွေ မြင့်တက်နေတဲ့ကြားက ကျင်းပပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်မှာ ကျင်းပတဲ့ အခုရွေးကောက်ပွဲမှာ လာရောက်မဲပေးဖို့ သန်းပေါင်းများစွာသော ပြည်သူတွေကို လှုံ့ဆော်လျက်ရှိပါတယ်။

အဟော့ခ်လို့ လူသိများတဲ့ တရုတ်လူမျိုး ခရစ်ယာန်ကိုးကွယ်သူ ဘာဆူကီဟာ ဂျကာတာမြို့တော်မှာ ပထမဆုံး မွတ်စလင်မဟုတ်တဲ့ မြို့တော်ဝန်ဖြစ်ပါတယ်။ ၂၀၁၆ နိုဝင်ဘာလအတွင်းက ဘာဆူကီဟာ ကိုအာန်ကျမ်းစာတစ်ပုဒ်ကို အခြေပြုတဲ့ ပြိုင်ဖက်တွေရဲ့ ဝေဖန်မှုကို ချေဖျက်တဲ့ မှတ်ချက်စကားကြောင့် ဘာသာရေးစော်ကားပြောဆိုတယ်လို့ စွပ်စွဲခံရပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ရပါတယ်။

ထိုမှတ်ချက်စကားပြောဆိုထားတဲ့ ဗီဒီယိုဖိုင်ဟာ လိုသလိုတည်းဖြတ်ထားတဲ့ ဗီဒီယိုဖြစ်ကြောင်း ဘာဆူကီက စုံစမ်းစစ်ဆေးခံရချိန်က ပြောခဲ့ပြီး မွတ်စလင်တွေကို စော်ကားသလိုဖြစ်ခဲ့ရင်   တောင်းပန်ကြောင်း ပြောဆိုခဲ့ပါတယ်။

လက်ရှိရွေးကောက်ပွဲမှာ ဘာဆူကီက ဦးဆောင်နေပေမယ့် ပြန်လည်ရွေးကောက်ခံရဖို့အတွက် ဒုတိယအသုတ် မဲပေးမှုကို ဖြတ်သန်းရဦးမှာဖြစ်ပါတယ်။

ငါးနှစ်တာ မြို့တော်ဝန်ရာထူးအတွက် ဘာဆူကီဟာ ပညာရေးဝန်ကြီးဟောင်း အနိုင်းဆာစဝီဒင်၊ သမ္မတဟောင်း ယူဟိုယိုနိုရဲ့ တတိယမြောက်သား အဂူယူဟိုယိုနိုတို့နဲ့ ယှဉ်ပြိုင်ရွေးကောက်ခံနေတာလည်းဖြစ်ပါတယ်။

ရွေးကောက်ပွဲမဲဆွယ်မှုတွေမှာ ဆန္ဒပြမှုတွေဖြစ်ခဲ့လို့ ခုရွေးကောက်ပွဲမှာဆိုရင် ဆန္ဒပြမှုကနေ ဆူပူအကြမ်းဖက်မှုဆီ မကူးပြောင်းသွားအောင် မြို့တော်အတွင်းမှာ လုံခြုံရေးတပ်အင်အား ၂၇၀၀၀ ထက်မနည်းကို တပ်ဖြန့်ချထားရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly