မီးရထားပိုင်မြေနေရာအား ရထားလမ်းအလံပြက ရောင်းစားထားဟု ဆို

မီးရထားပိုင်မြေနေရာအား ရထားလမ်းအလံပြက ရောင်းစားထားဟု ဆို

ပုသိမ်၊ ဖေဖော်ဝါရီ ၁၅ ။            ။ မီးရထားပိုင်မြေနေရာအား ရထားလမ်းအလံပြက ရောင်းစားထားကြောင့် အမှတ်၂၇၁တပ်ရှေ့ မီးရထားလမ်းဘေး နေထိုင်သူများက ပြောသည်။

အဆိုပါနေရာများ ကျပ် ၂ သိန်းမှ ၃ သိန်းကြားပေးဝယ်ထားရကြောင်း၊ လက်ရှိတွင် ဖယ်ရှားရန် နို့တစ်စာပို့ခံထားရကြောင်း ရထားလမ်းဘေးနေသူ ဦးမင်းနိုင်က ပြောသည်။

“သူ့(ဦးကြည်လင်း)ဆီက ဝယ်ထားတာ ငါးအိမ်ရှိတယ်။ ဝယ်ပြီး နေရာ သူသတ်မှတ်ပေးတာပါ။ ကျွန်တော်ဝယ်ထားတာ မြေကွက်ကို နှစ်သိန်းနဲ့၊ ကွမ်းပင်ပါလို့ တစ်သိန်း ထပ်ပေးရတယ်။   မြေကွက်တွေက နှစ်သိန်း၊ သုံးသိန်းနဲ့ဝယ်ရတာပါ။ နို့တစ်စာမှာ အိမ် ၁၁ လုံးကို ၁၅ရက်အတွင်း ဖယ်ပေးဖို့ပါ”ဟု ၎င်းက ပြောသည်။

ပုသိမ်မြို့၊အမှတ်(၂၇၁)တပ်ရှေ့ မီးရထားလမ်းပိုင်း၊ မီးရထားအလံပြဝန်ထမ်းဦးကြည်လင်းကမူ ကျူးကျော်များဖြစ်ကြောင်း တုံ့ပြန်ပြောသည်။

“မြေနေရာရောင်းစားလို့မရဘူး ။ မီးရထားပိုင်မြေနေရာကျုးကျော်ပြီး နေထိုင်တာတွေပါ”ဟု ပြောသည်။

ပုသိမ်မြို့ပေါ်တွင် မီးရထားပိုင်မြေနေရာကျုးကျော်ဆောက်လုပ်ထားမှုများအား ဧရာဝတီတိုင်းဒေသကြီး အစိုးရသို့ ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့ပြအင်္ဂါရပ်မညီသောကြောင့်ဟု  တင်ပြထားသည်ဟု သိရသည်။

"ရထားကျုးကျော်မြေနေရာ လေးနေရာ ငါးနေရောလောက်ရှိတယ်၊ တိုင်းအစိုးရကိုတော့ တင်ပြထားတယ်။ ဆောက်လုပ်ခွင့် လာတင်တယ်။ ဒီနေရာတွေ မြို့ပြအင်္ဂါရပ်မညီတာကြောင့် တင်ပြထားတာပါ”ဟု ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးသက်နိုင်မျိုးက ပြောသည်။

ရထားပိုင်မြေနေရာကိစ္စအား လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက "ရထားလမ်းမြေကိစ္စတွေ ကြားနေရတယ်။ တိုင်ကြားရင် စိစစ်ပြီး အရေးယူသွားမှာပါ”ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required