မန်စီးတီးနှင့် ပွဲဦးထွက်တွင် ဖေဘီယန်ဒဲလ်ဖ် ဒဏ်ရာရ

မန်စီးတီးနှင့် ပွဲဦးထွက်တွင် ဖေဘီယန်ဒဲလ်ဖ် ဒဏ်ရာရ

ဇူလိုင် ၂၅၊ မဲလ်ဘုန်း ။        ။ သောကြာနေ့က ရီးယဲလ် မက်ဒရစ်အသင်းကို ၄-၁ ဂိုးဖြင့် ရှုံးသည့်ပွဲစဉ်တွင် မန်စီးတီးအတွက် ပွဲဦးထွက်ကစားခဲ့သော ကစားသမားသစ် ဖေဘီ ယန်ဒဲလ်ဖ်သည် ဒဏ်ရာရှိသွားသဖြင့် ပွဲချိန် ၁၈ မိနစ်သာ ကစားလိုက်ရသည်။

မဲလ်ဘုန်းအင်တာနေရှင်နယ်ချန်ပီယံများဖလားကို ရီးယဲလ်မက်ဒရစ်အသင်းရရှိသွားသည့် ယင်းပွဲစဉ်တွင် ပေါင် ၈ သန်းတန် ဖေဘီယန်ဒဲလ်ဖ် သည် မန်စီးတီးအသင်း၏ ကွင်းလယ်ဘယ်ခြမ်း၌ ကစားခွင့်ရခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းအတွက် ဘင်ဇီမာ၊ စီရော်နယ်ဒိုနှင့် ပီပီတို့က ဂိုးသွင်းယူပြီး ၃-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။

မန်စီးတီးအတွက် ယာယတိုရေးက ပင်နယ်တီမှတစ်ဆင့် ချေပဂိုးသွင်းပြီးနောက် ချီရီချက်က ရီးယဲလ်အသင်းအတွက် စတုတ္ထဂိုး သွင်းယူခဲ့သည်။

အသက် ၂၅ နှစ်အရွယ်ရှိ ဒဲလ်ဖ်သည် အက်စတွန်ဗီလာတွင်သာဆက်ကစားမည်ဟု ပြောပြီး တစ်ပတ်အကြာမှာပင် မန်စီးတီး အသင်းသို့ ငါးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ပရိသတ် ၉၉၀၀၀ နီးပါးလာကြည့်ခဲ့သည့် ရီးယဲလ်မက်ဒရစ်နှင့်ပွဲတွင် ဒဲလ်ဖ်သည် ဘယ်ဘက်ဒူးကောက်ကြော ဒဏ်ရာရခဲ့ပြီး နာဗက်စ်နှင့် လူစားလဲခဲ့ရသည်။

"ကံမကောင်းစွာနဲ့ဘဲ ဖေဘီယန်မှာ ဒူးကောက်ကြောဒဏ်ရာရသွားတယ်။ သူ့ကို ၄၅ မိနစ်လောက်သုံးဖို့ တွေးခဲ့ပေမယ့် ဒဏ်ရာရသွားခဲ့တာက သတင်းဆိုးပါပဲ။ စနေနေ့မှာဆရာဝန်စစ်ဆေးပြီးရင် သူ့အခြေအနေကို ရှင်းရှင်းလင်းလင်းသိရမှာပါ"ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြော သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly