နေပြည်တော်တွင် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် လိုအပ်သော်လည်း လတ်တလောဖွင့်လှစ်ရန် အစီအစဉ် မရှိသေး

နေပြည်တော်တွင် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် လိုအပ်သော်လည်း လတ်တလောဖွင့်လှစ်ရန် အစီအစဉ် မရှိသေး
ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၁၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ အစိုးရရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် တစ်ခု ဖွင့်လှစ်ရန် လတ်တလော အစီအစဉ် မရှိသေးကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုလိုက်သည်။

“နေပြည်တော်ကောင်စီနယ်မြေမှာ တက္ကသိုလ်တစ်ခု ဖွင့်လှစ်ဖို့ဆိုတာ မြေနေရာ ရရှိဖို့၊ အဆောက်အဦ တည်ဆောက်ဖို့၊ သင်ကြားရေးနဲ့ စီမံခန့်ခွဲရေးကိစ္စတွေ၊ ခွင့်ပြုဘဏ္ဍာရေးရံပုံငွေ ရရှိဖို့၊ ဖွဲ့စည်းပုံကိစ္စ စတာတွေကို စနစ်တကျနဲ့ စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

ဖေဖော်ဝါရီ ၁၅ရက်တွင် ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ချင်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးရှန်အောရ်၏ နေပြည်တော်တွင် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်တစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက လတ်တလော အစီအစဉ် မရှိသေးကြောင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မည်သည့် ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်သွားမည်ကို အတိအကျ ပြောဆိုနိုင်ခြင်း မရှိသော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာန၊ တိုင်းအစိုးရအပါအဝင် နေပြည်တော်ကောင်စီတို့နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ရှိသည်ဟု ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။

“ဘယ်တော့ ဖွင့်လှစ်ပေးမလဲဆိုတာ ကျွန်တော့အနေနဲ့ ဖြေဖို့ကတော့ မြေနေရာ ရရှိဖို့၊ အဆောက်အဦ တည်ဆောက်ဖို့ဆိုတာ ဒီနှစ်အဆိုပြု၊ နောက်နှစ် ဖွင့်လှစ်လို့ရတဲ့ အခြေအနေမှာ မရှိဘူး” ဟု ၎င်းက ပြောသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် နေပြည်တော်တွင် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တစ်ခု ဖွင့်လှစ်နိုင်ရေးကိစ္စအပေါ် နေပြည်တော်ကောင်စီနယ်မြေထံ ဇန်နဝါရီလဝက်အတွင်းက အကြံပြုချက်တောင်းခံခဲ့ရာ လက်ရှိအခြေအနေတွင် စီစဉ်ဆောင်ရွက်ထားခြင်းမရှိသေးကြောင်း အကြောင်းပြန်ခဲ့သည်ဟုလည်း ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

လက်ရှိအချိန်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ဟူ၍ တက္ကသိုလ် ၃ခုသာရှိပြီး တက္ကသိုလ်ဝင်တန်းအောင်ပြီးသည့် ဒေသခံ ကျောင်းသား၊ ကျောင်းသူအများစုမှာ အနီးဆုံးတက္ကသိုလ်များဖြစ်သည့် ကျောက်ဆည်၊ ရမည်းသင်းနှင့် မန္တလေးမြို့များတွင် သွားရောက်ပြီး ပညာသင်ကြားနေရကြရသည်။

“နေပြည်တော်ကောင်စီမှာ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် လိုတယ်ဆိုတာ အမှန်ပဲ ဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးသိမ်းကြီးက လွှတ်တော်တွင် ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် မြို့နယ်ပေါင်း(၈)မြို့နယ်ရှိပြီး လူဦးရေ ဆယ်သိန်းကျော် နေထိုင်လျက်ရှိသည်။ ၂၀၁၆ ပညာသင်နှစ်အတွင်း နေပြည်တော်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူဦးရေ တစ်သောင်းခွဲကျော်အနက် ကျောင်းသား၊ ကျောင်းသူ ငါးထောင်ကျော် အောင်မြင်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly