၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်ပေါင်း ၅၆၁ မှတ်ဖြင့် မြန်မာတစ်နိုင်ငံလုံး ဒုတိယရရှိခဲ့သူ မင်းသွင်ခန့်နှင့် တွေ့ဆုံခြင်း (အပိုင်း-၂)

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်ပေါင်း ၅၆၁ မှတ်ဖြင့် မြန်မာတစ်နိုင်ငံလုံး ဒုတိယရရှိခဲ့သူ မင်းသွင်ခန့်နှင့် တွေ့ဆုံခြင်း (အပိုင်း-၂)

မေး - ၂၀၁၆ ခုနှစ်မှာဆိုရင် ညီလေးအနေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာ အမှတ်အများဆုံး ဒုတိယဆု ရခဲ့တယ်။ အဲဒီအမှတ်စာရင်းလေးတွေကိုလည်း သိချင်ပါတယ်ဗျ။

ဖြေ - မြန်မာစာ ၈၃မှတ် ၊ အင်္ဂလိပ်စာ ၈၂မှတ် ၊ သင်္ချာ ၉၉မှတ် ၊ ဓာတုဗေဒ ၉၉မှတ် ၊ ရူပဗေဒ ၉၉ မှတ် ၊ ဇီဝဗေဒ ၉၉ မှတ် ၊ စုစုပေါင်း ၅၆၁မှတ် ပါ။

မေး - နောက်တစ်ခုက မိဘတွေအနေနဲ့ ဆယ်တန်းစာမေးပွဲ နီးလာတာနဲ့အမျှ သားသမီးတွေကို ပိုပြီးတော့ ဂရုစိုက်လာတယ်။ ငါ့သားလေးအတွက် ငါ့သမီးလေးအတွက်ဆိုပြီး၊ အဲဒီလိုမျိုး ဂရုစိုက်မှုတွေထဲမှာ ဘယ်လိုမျိုး ဂရုစိုက်မှုက ကျောင်းသားတွေအတွက် အထောက်အပံ့တွေဖြစ်နိုင်လဲ။ မိဘတစ်ယောက်အနေနဲ့ သားသမီးပေါ်မှာ ဘယ်လိုမျိုး ဂရုစိုက်မှုတွေရှိသင့်လဲ ဆိုတာသိချင်ပါတယ်။

ဖြေ - ဖြစ်သင့်တာကတော့ မိဘတွေကကျောင်းသားတွေကို ဂရုစိုက်သင့်သလောက်စိုက်မယ်။ ကျန်းမာရေးဘက်မှာ ဂရုစိုက်မယ် ၊ အနေအထိုင်ဘက်မှာ ဂရုစိုက်မယ်။ နောက်တစ်ခုက ကိုယ့်သားသမီးစာလုပ်လား မလုပ်ဘူးလား၊ ဒါမှမဟုတ် ကိုယ့်သားသမီးက ဘာသာရပ်တစ်ခုခုမှာ ချို့ယွင်းတာရှိပြီဆိုရင် သင့်တင့်မျှတတဲ့ ဂိုက်ဆရာမခေါ်ပေးတာ ၊ အဲဒီလိုမျိုးတွေလုပ်ပေးသင့်တယ်ပဲ ထင်ပါတယ်။ ကျန်တဲ့အိမ်ကိစ္စတို့ဘာတို့က ကျောင်းသားသူ့ဘာသာ လုပ်သင့်တယ်ထင်ပါတယ်။ ဒီလိုအချိန်မှာ မိဘဘက်ကလည်း ဖေးမပေးဖို့ လိုတာပေါ့။ ခုနကပြောသလို စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ နိမ့်ကျနေတဲ့သူတွေလည်းရှိပါတယ်။ ဒီလိုအချိန်မှာ၊ နိမ့်ကျသည်ဖြစ်စေ မြင့်တက်နေသည်ဖြစ်စေ ဘာပဲဖြစ်ဖြစ် မိဘက တွန်းအားပေးရင် ဘာပဲဖြစ်ဖြစ် ငါ့အဖေအမေတွေရှိသေးတာပဲ ငါ့ဘက်မှာ၊ အဲဒီလိုစိတ်ဓာတ်လေးရှိသေးရင် ကျောင်းသားက စာလုပ်ချင်တဲ့စိတ် ပေါ်လာတာပေါ့။ နောက်တစ်ခုက မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို ပညာဘက်မှာ မြင်လာအောင် သင်ပေးဖို့လိုတယ်ပေါ့။ တစ်ချို့ကြတော့ မိဘတွေက စီးပွားရေးဆို စီးပွားရေးပဲ လုပ်နေပြီးတော့ ကိုယ့်သားသမီး ပညာရေးဘက်မှာ ဘယ်လောက်ဆိုးရွားနေတယ်၊ နိမ့်ကျနေတယ်ဆိုတာ မသိဘူးပေါ့။ ဒါက သားသမီးပေါ် မူတည်တာ မှန်ပေမယ့် မိဘကနေလည်း Support လုပ်ပေးသင့်တယ်ပေါ့။ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ အမြင်ပိုင်းဆိုင်ရာရော ပညာသင်တယ်ဆိုတာ အမှတ်များဖို့သင်တာမဟုတ်ဘဲနဲ့ ဘဝအတွက်သင်တာပေါ့။ အဲဒီလိုမျိုး ဆုံးမသြဝါဒ မှန်မှန်တွေပေးနိုင်ရင် ကျောင်းသားက ထူးချွန်နိုင်မယ်လို့ ထင်ပါတယ်။

မေး - နောက်တစ်ခုအနေနဲ့ ဆယ်တန်းစာမေးပွဲ ဖြေမယ့်သူတွေအနေနဲ့ စာမေးပွဲခန်းထဲမှာ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။

ကျွန်တော်ပြောချင်တာက စာမေးပွဲခန်းကို မကြောက်ပါနဲ့၊ စာမေးပွဲခန်းဆိုတာက ကိုယ့်ရဲ့ကြိုးစားမှုကို ပြသခွင့်ရတဲ့နေရာတစ်ခုပေါ့၊ အဲဒီလိုနေရာဖြစ်တဲ့အတွက်ကြောင့် ကြောက်ဖို့မလိုပါဘူး၊ စာမေးပွဲခန်းဆိုတာ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ဒီနေရာမှာ အစွမ်းကုန်ထုတ်ပြလို့ရတဲ့နေရာ  အခွင့်အရေးတစ်နေရာ အဲဒီလိုမျိုးမြင်စေချင်ပါတယ်။ နောက်တစ်ခုက မေတ္တာပို့ပါလို့၊ ဘုရားတွေ ဘာတွေ ရှိခိုးသွားပါလို့ အိမ်ကနေပြီးတော့။ မဖြေခင်မှာ စာမေးပွဲခန်းထဲ ရောက်ရင်လည်း ကိုယ်ဖြေမယ့် စာမေးပွဲခုံတို့ ၊ စားပွဲတို့ ၊ စာမေးပွဲခန်းတို့ ၊ ဆရာ၊ဆရာမတွေကို မေတ္တာပို့ပါလို့၊ အဲဒါ ထိရောက်မှုတော့ ရှိပါလိမ့်မယ်လို့ထင်ပါတယ်။ နောက်တစ်ခုက စာမေးပွဲခန်းထဲရောက်သွားရင် ဆရာ၊ ဆရာမတွေကို ကြောက်တတ်တဲ့အကျင့်ပေါ့။ ဆရာ၊ ဆရာမတွေကိုလည်း ကြောက်ဖို့မလိုပါဘူး၊ ဆရာဆရာမတွေက ကိုယ်စာမေးပွဲဖြေတာကို လာပြီးရိုက်ဖို့ ၊ ကိုက်စားဖို့ စောင့်နေတာမဟုတ်ပါဘူး။ ကိုယ်စည်းစောင့်လား၊ မစောင့်လားကြည့်ဖို့ပဲ။ ကိုယ့်ဘက်ကလုံခြုံရင် ဘာမှကြောက်ဖို့မလိုဘူး ဆရာ၊ ဆရာမတွေကို။

မေး - ဆယ်တန်းအောင်မြင်သွားပြီးလို့ ကျောင်းသားအများစုက ရွေးချယ်မယ်ဆိုလို့ရှိရင် အမှတ်အများကြီးရတဲ့သူတွေက ဆေးကျောင်းကိုပဲ ရွေးကြတယ်။ ဒါပေမယ့် ညီလေးအနေနဲ့ကျတော့ YTU ကိုရွေးချယ်တယ်ပေါ့။ အဲဒီအတွက် ညီလေးရဲ့ ရည်မှန်းချက်နဲ့ ပန်းတိုင်ဆိုရင်ဘာတွေဖြစ်မလဲ။

ဖြေ - ကျွန်တော်ကတော့ Engineering ကျောင်း ဆိုတော့ ကျွန်တော့်အထင် နိုင်ငံတစ်ခုကို ပြောင်းလဲတဲ့နေရာမှာ ကဏ္ဍပေါင်းစုံက ပြောင်းလဲတာပေါ့။ ဒါပေမယ့် ကဏ္ဍအများဆုံး ပြောင်းလဲတာက ကဏ္ဍတွေအများကြီးထဲကမှ အထိရောက်ဆုံး ပြောင်းလဲနိုင်တာက ကျွန်တော် ဆောက်လုပ်ရေးတို့ ဘာတို့ထင်ပါတယ်။ ဆောက်လုပ်ရေးဆိုတဲ့အပိုင်းမှာလည်း Engineering ပိုင်းပေါ့ ။ တစ်ခြားအပိုင်းတွေလည်း ပြောင်းလဲဖို့လိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော့်ယုံကြည်မှုလေး တစ်ခုပေါ့။ ဒီဟာက အများဆုံးပြောင်းလဲဖို့လိုတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော် Engineering ပိုင်းကို လာတာပေါ့။ အဲဒီလိုလာတဲ့ရည်ရွယ်ချက်ကလည်း နိုင်ငံပြောင်းလဲတဲ့အခါမှာ ကျွန်တော်တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်တယ်ပေါ့။ သဲတစ်ပွင့်ပဲဖြစ်ဖြစ် အုတ်တစ်ချပ်ပဲဖြစ်ဖြစ်ပေါ့။ နည်းနည်းလေး ပြောင်းလဲသွားရင်လည်း ကျွန်တော် ပြောင်းလဲပေးနိုင်တယ်ဆိုတာလေး လိုချင်တယ်ပေါ့။ အဲဒီလိုရည်ရွယ်ချက်နဲ့လာတာပါ။

မေး - အခုနောက်ပိုင်းမှာ ဆိုရင် ကျောင်းသားတွေက Social Media တွေအရမ်းသုံးကြတယ်။ အဲဒီတော့ ဆယ်တန်းကျောင်းသား တစ်ယောက်အတွက် Social Media သုံးတဲ့အပေါ် ညီလေးရဲ့အမြင်ကို သိချင်ပါတယ်ဗျ။

ဖြေ - ပြောရမယ်ဆိုရင်တော့ Social Media က အရမ်းစိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းပါတယ်။ မသုံးရင်လည်းသိပ်မကောင်းဘူး။ သုံးပြန်တော့လည်း သိပ်မကောင်းဘူး။ မီးသွေးလိုပဲသူက ပူနေလို့သွားကိုင်ရင်လည်း ပူတယ်။ အေးတဲ့အခါသွားကိုင်ရင်လည်း မဲသွားရောလက်ကို။ မီးသွေးနဲ့အရမ်းတူတယ်။ ကျွန်တော် အခုဆို Social Media သုံးမယ်ဆိုရင် သူငယ်ချင်းတွေကို စာမေးမယ်ပေါ့။ နောက် တစ်စုံတစ်ယောက်နဲ့ စကားပြောချင်တယ်ပေါ့။ အဲဒီအခါတွေပဲ  ကျွန်တော်သုံးတယ်ပေါ့။ နောက်တစ်ခုက ကိုယ့်သူငယ်ချင်းတွေကို စာမေးလို့ရတယ်။ ပြီးရင် ကိုယ့်ဆရာဆရာမတွေရဲ့ အကောင့်ကို Friend လုပ်ထားပြီး စာမေးလို့ရတယ်။ အဲဒါမျိုးတွေအတွက်တော့ အဆင်ပြေတာပေါ့။ အင်တာနက်ကြည့်တယ်ဆိုလည်း ကိုယ်လိုသလောက်လေးပဲ သုံးပေါ့။ Limit ထားပြီးသုံးဖို့လိုတယ်ပေါ့။

မေး - မတ်လ(၈) ရက်နေ့မှာ စာမေးပွဲဖြေဆိုကြတော့မယ့် ဆယ်တန်းကျောင်းသား ကျောင်းသူတွေ အတွက် ညီလေးအနေနဲ့ အကြံပေးစကားတွေရှိရင်လည်း ထပ်ပြောပြပေးပါဦး။

ဖြေ - ကျွန်တော်ပေးထားတဲ့ အကြံဉာဏ်ထက်ကို ဆရာဆရာမတွေပေးထားတဲ့ အကြံဉာဏ်ကို ပိုပြီးတော့ အလေးထားပါလို့။ ဆရာ၊ ဆရာမတွေပြောထားတဲ့ စကားကို သေသေချာချာ လိုက်မှတ်ထားတဲ့သူတွေကတော့ အခုအချိန်မှာ အဆင်ပြေဆုံးအချိန်ပဲ။ နောက်တစ်ခုကကျတော့ ခုနကပြောသလိုပဲ ယုံကြည်ချက်တွေကို ခိုင်မာအောင်လုပ်ဖို့လိုနေပြီ။ ဒီအချိန်မှာမှ မခိုင်မာရင် ဘယ်အချိန်မှာမှ ခိုင်မာမှာမဟုတ်တော့ဘူး။ တစ်လပဲ ကျန်တော့တာကိုး။ ကိုယ့်ရဲ့ကြိုးစားမှုကို မီးကုန်ယမ်းကုန်ကြိုးစားပါလို့။ ဒီတစ်လအတွင်းမှာ ဖေ့ဘုတ်စ်တို့ဘာတို့လည်းမသုံးပါနဲ့လို့။ အင်တာနက်မသုံးနဲ့လို့ မဆိုလိုပါဘူး။ အင်တာနက်သုံးပါ။ အင်တာနက်သုံးတယ်ဆိုတာက Social Media သုံးတာမဟုတ်ပါဘူး။ Social Media ကိုမသုံးဘဲ အင်တာနက်သုံးလို့ရပါတယ်။ ဒါ ကျောင်းသားတွေ အမြင်မမှားဖို့ပေါ့။ နောက်တစ်ခုက အသေးအဖွဲ့ကိစ္စတွေဆို လျစ်လျူရှုလိုက်ပေါ့။ ဒီအချိန်မှာ။ နေ့တိုင်းတော့ ကိစ္စပေါင်းစုံက ကြုံတွေ့နေရတာပဲ။ ဒါပေမယ့် ကိုယ်မှတ်ယူဖို့မသင့်ဘူးပဲ သဘောထားလိုက်ပေါ့။

Mizzima - ဟုတ်ကဲ့ပါ။ အခုလိုမျိုး ပြည့်ပြည့်စုံစုံ ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။ ညီလေးရဲ့ရည်မှန်းချက်တွေ အားလုံးလည်း အောင်မြင်ပါစေလို့ အကိုတို့ Mizzima TV အဖွဲ့သားတွေက ဆုတောင်းပေးပါတယ်။

Min Thwin Khant - ဟုတ်ကဲ့ပါ။ ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏ ခင်ဗျ။

Mizzima - ဟုတ်ကဲ့ပါ။ အခုဆိုရင်တော့ မကြာခင်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေကြတော့မယ့် ကျောင်းသားကျောင်းသူတွေအတွက် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ အမှတ်အများဆုံးနဲ့ မြန်မာတစ်နိုင်ငံလုံး ဒုတိယရရှိထားတဲ့ ညီလေး မင်းသွင်ခန့်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲအတွက် အကြံပြုချက်တွေကို တင်ဆက်ပေးခဲ့တာပါ။ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူတွေလည်း ဘာသာရပ်တိုင်းကို အခက်အခဲမရှိ ဖြေဆိုနိုင်ကြပါစေလို့ ကျွန်တော်တို့ Mizzima TV အဖွဲ့သားတွေက ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ဒီအစီအစဉ်ကို ကြည့်ရှုအားပေးခဲ့ကြတဲ့ Mizzima TV ပရိသတ်တွေနဲ့ ကျောင်းသားကျောင်းသူများအားလုံးကို ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။

အင်တာဗျူးအပိုင်း(၂)အားကြည့်ရန်အတွက်-http://www.mizzimaburmese.com/article/23529

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly