ပီအက်စ်ဂျီကို်ဂိုးပြတ် ရှုံးနိမ့်ခဲ့မှုအတွက် မိမိမှာသာတာဝန်ရှိကြောင်း ဘာစီလိုနာနည်းပြ အင်းနရစ် ဆို

ပီအက်စ်ဂျီကို်ဂိုးပြတ် ရှုံးနိမ့်ခဲ့မှုအတွက် မိမိမှာသာတာဝန်ရှိကြောင်း ဘာစီလိုနာနည်းပြ အင်းနရစ် ဆို

ဖေဖော်ဝါရီ ၁၅၊ ပြင်သစ် ။            ။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့တွင် ပီအက်စ်ဂျီအသင်းကို ၄-၀ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရမှုအတွက် မိမိမှာသာတာဝန်အပြည့်ရှိကြောင်း ဘာစီလိုနာနည်းပြ အင်းနရစ်က ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် ပီအက်စ်ဂျီအသင်းသည် လူငယ်ကစားသမားအများအပြားကို ပွဲထုတ်ခဲ့ပြီး ဘာစီလိုနာကို ခြေစွမ်းပိုင်းအသာစီးဖြင့် ကစားနိုင်ခဲ့သည်။ ပီအက်စ်ဂျီအသင်းအတွက် ဂိုးများကို ရီးယဲလ်ကစားသမားဟောင်း ဒီမာရီယာက ၂ ဂိုး၊ ဒရက်စ်လာနှင့် ကာဗာနီတို့က တစ်ဂိုးစီသွင်းယူပေးခဲ့ကြသည်။ မက်ဆီ၊ ဆွာရက်ဇ်နှင့်နေမာ တို့၏ MSN တိုက်စစ်အတွဲမှာ ပီအက်စ်ဂျီနောက်တန်းကို ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့ပေ။

ပွဲအပြီးတွင် ဘာစီလိုနာနည်းပြ အင်းနရစ်က ‘ကျွန်တော်တို့အတွက် အလွန်တရာကံဆိုးမိုးမှောင်ကျတဲ့ညပါပဲ။ ကျွန်တော်တို့အသင်းရဲ့ကစားပုံဆိုးရွားတာကတော့ အားလုံးအမြင်ပါပဲ။ ဒီရှုံးနိမ့်မှုအတွက် အပြစ်တင်မယ်ဆိုရင် နည်းပြကိုပဲ အပြစ်တင်ပါ။ ကျွန်တော့်မှာ တာဝန်အပြည့်အဝရှိပါတယ်’ ဟု ပြောဆိုခဲ့သည်။

လေးဂိုးပြတ်ရှုံးနိမ့်ခဲ့ရသည့်အတွက် ဘာစီလိုနာအသင်းအနေဖြင့် ကွာတားဖိုင်နယ်သို့တက်ရောက်နိုင်ရန် အလွန်ခက်ခဲသည့် အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်သည်။ သို့သော် အင်းနရစ်က ‘အရမ်းခက်သွားပြီဆိုတာကတော့ ရှင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကွင်းမှာ ကစားရပါဦးမယ်။ ကျွန်တော်တို့ သူရဲကောင်းဆန်တဲ့ ကစားပုံမျိုးတော့လိုအပ်ပါတယ်။ ဘာကြောင့် ကျွန်တော်တို့ အိပ်မက် မမက်ရမှာလဲ’ ဟု ပြောခဲ့သည်။

ဘာစီလိုနာအသင်းသည် ယခုနှစ်တွင် ၎င်းတို့၏ အိမ်ကွင်း၌ ၄ ဂိုးနှင့်အထက် အနိုင်ရခဲ့သည့်ပွဲစဉ် ၇ ပွဲရှိခဲ့ပြီး ထိုအထဲတွင် မန်စီးတီးကို ၄-ဝ၊ ဆဲလ်တစ်ကို ၇-၀ နှင့်အနိုင်ရခဲ့သည့်ပွဲစဉ်များ ပါဝင်နေသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required