မြူးနစ်တွင် အာဆင်နယ်အသင်းအခွင့်အရေးအများကြီးရမည်မဟုတ်ဟု လီဝန်ဒေါစကီး သတိပေး

မြူးနစ်တွင် အာဆင်နယ်အသင်းအခွင့်အရေးအများကြီးရမည်မဟုတ်ဟု လီဝန်ဒေါစကီး သတိပေး

ဖေဖော်ဝါရီ ၁၄၊ ဂျာမနီ ။             ။ မြူးနစ်မြို့တွင် ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမကျော့ပွဲစဉ်တွင် အာဆင်နယ်အသင်းအနေဖြင့် အခွင့်အရေးအများကြီးရလိမ့်မည် မဟုတ်ကြောင်း ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးက ပြောဆိုလိုက်သည်။

ဘိုင်ယန်မြူးနစ်အသင်းနှင့် အာဆင်နယ်အသင်းတို့မှာ ပြီးခဲ့သည့်လေးနှစ်အတွင်း ချန်ပီယံလိဂ်တွင် သုံးကြိမ်တွေ့ဆုံခဲ့ဖူးပြီး ဘိုင်ယန်မြူးနစ်က အသာရရှိထားသည်။ လက်ရှိတွင်လည်း ဘိုင်ယန်မြူးနစ်အသင်းမှာ ၂၀၁၇ ခုနှစ်အစတွင် ပုံစံကောင်းကို ရရှိလျက်ရှိသည်။

ထို့ကြောင့် လီဝန်ဒေါစကီးက ၎င်းတို့အသင်းသာ ပုံမှန်ခြေစွမ်းဖြင့် ကောင်းကောင်းကစားနိုင်ပါက အာဆင်နယ်ကို အနိုင်ရမည်ဟု ယုံကြည်နေသည်။ ‘ကျွန်တော်တို့ ကိုယ့်အသင်းကိုယ်ပဲ ဂရုစိုက်ဖို့လိုပါတယ်။ ပုံမှန်အတိုင်းကောင်းကောင်းကစားနိုင်ရင် အာဆင်နယ်တို့ အခွင့်အရေးအများကြီးရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ခံစစ်ဇုန်ရဲ့အရှေ့မှာ အကောင်းဆုံးကစားနိုင်ဖို့ လိုပါတယ်။ အာဆင်နယ်မှာက ကစားသမားကောင်းတွေအများကြီးရှိပြီး သူတို့ဟာ ချန်ပီယံလိဂ်မှာ ဘယ်လိုကစားရမလဲဆိုတာ ကောင်းကောင်းသိကြပါတယ်’ ဟု လီဝန်ဒေါစကီးက ဆိုသည်။

ထို့အပြင် ပိုလန်တိုက်စစ်မှူးက ၎င်းတို့၏ပွဲအစီအစဉ် ဘယ်လိုရှိသည်ကို ပြောဆိုခဲ့သည်။ ‘ကျွန်တော်တို့ရဲ့ ပွဲအစီအစဉ်ကတော့ အနည်းဆုံးတစ်ဂိုးတော့ရအောင်သွင်းပြီး ဂိုးမပေးရဖို့ ကြိုးစားမှာပါ။ အဲ့ဒီလိုဆိုရင် ဘိုင်ယန်အတွက် ကောင်းသောညတစ်ည ဖြစ်သွားပါလိ့မ်မယ်။ မြူးနစ်မြို့မှာ ခြေစွမ်းကောင်းကောင်းနဲ့ ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်’ ဟု လီဝန်ဒေါစကီးက ဆိုခဲ့သည်။

ရည်ညွှန်း 442

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required