အစာအဆိပ်သင့်ခဲ့သော မူလတန်းကလေး ၉၀ ကျော် ပြန်လည် သက်သာလာ

အစာအဆိပ်သင့်ခဲ့သော မူလတန်းကလေး ၉၀ ကျော် ပြန်လည် သက်သာလာ

ပုသိမ်၊ ဖေဖော်ဝါရီ ၁၄ ။              ။  ယမန်နေ့က အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့တဲ့ ပုသိမ်မြို့၊ မူလတန်းကျောင်းသားများ သက်သာလာသောကြောင့် ယနေ့ ဖေဖော်ဝါရီလ ၁၄ရက် မနက်ပိုင်းက ဆေးရုံမှ ပြန်ဆင်းခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့၊ ကန်ကြီးထောင့်မြို့နယ်၊ ပေါ်တော်မူ အခြေခံပညာမူလတန်းကျောင်းနှင့် သရက်ချောင်းကျေးရွာ မူလတန်းကျောင်း ၂ ကျောင်းတွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့လည်ပိုင်းက အလှူအဖြစ် ခေါက်ဆွဲကြော် ကျွေးခဲ့ရာ ညနေပိုင်းတွင် အစာအဆိပ်သင့်မှု ဖြစ်ပွားကြောင်း သိရှိရသည်။ အစာအဆိပ်သင့်သူများတွင် လူကြီး ၁၀ ယောက်၊ ကျောင်းသား ၉၅ ယောက်ခန့်မှာ ကန်ကြီးထောင့်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ကြကြောင်းသိရှိရသည်။

"ရန်ကုန်မှာနေတဲ့ ကိုမွှေးက ပေါ်တော်မူကျောင်းက ကျောင်းသားတွေကို အလှူလာလုပ်တာပါ။ ကလေးတွေမှာထားတော့ ခေါက်ဆွဲကြော် စားကြတယ်။ တချို့က တစ်ပန်းကန်၊ နှစ်ပန်းကန်၊ သုံးပန်းကန် စားကြတယ်။  ညနေ သုံးနာရီလောက် အန်တယ်။ ဆေးရုံခေါ်လာတော့ သက်သာသွားပါပြီ”ဟု ကန်ကြီးထောင့်မြို့နယ်ပညာရေးမှူး ဒေါ်သိန်းသိန်းက ပြောသည်။

 ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကျောင်းသားများမှ စာမေးပွဲဖြေဆိုရမှာဖြစ်ပြီး ယနေ့ စာမေးပွဲတစ်ရက် နောက်ဆုတ်ပေးထားကြောင်း သိရသည်။ " ကလေးတွေ စာမေးပွဲဖြေဆိုတာကို နောက် တစ်ရက်ဆုတ် ပေးလိုက်ပြီး ကျောင်းပိတ်ပေးထားတယ်။ ကလေးအန်တာကို မြို့နယ်ကျန်းမာရေးဌာနက လာစစ်ဆေးပေးမှာပါ။ အခု ကလေးတွေ စိုးရိမ်စရာမရှိတော့ဘူး" ဟု မြို့နယ်ပညာရေးမှူးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required