တဖက်တစ်လမ်း ၀င်ငွေတိုးဖို့ရာ ခရမ်းချဉ်သီး စိုက်ပျိုးပါ

14 February 2017
တဖက်တစ်လမ်း ၀င်ငွေတိုးဖို့ရာ ခရမ်းချဉ်သီး စိုက်ပျိုးပါ

ခရမ်းချဉ်ပင်ရဲ့ မူရင်းဒေသကတော့ တောင်အမေရိကတိုက် အနောက်မြောက်ခြမ်းနဲ့ အမေရိကတိုက် အလယ်ပိုင်းတို့ပဲ ဖြစ်ပါတယ်။

ခရမ်းချဉ်ပင်က ရေမဝပ်တဲ့ မြေဆွေးနဲ့ မြေသြဇာထက်သန်တဲ့ မြေအမျိုးအစားတွေမှာ စိုက်ပျိုးနိုင်ပါတယ်။ ခရမ်းချဉ်ပင်က အပူပိုင်းနဲ့ အပူလျော့ပိုင်းရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်။ ခရမ်းချဉ်ပင်ကို တိုက်ရိုက်မစိုက်ပျိုးပဲ ပျိုးထောင်ပြီးမှသာ စိုက်ပျိုးရတာဖြစ်ပါတယ်။

ခရမ်းချဉ်ပင် စိုက်ပျိုးရန်အတွက်ကတော့ ပေ ၃၀ အနံ ၃ ပေရှိတဲ့ ပျိုးပေါင်တွေကို ပြုလုပ်ပြီး တစ်စေ့နဲ့တစ်စေ့ကို လက်မဝက်ခန့် ခြားပြီး မျိုးစေ့ချ ပျိုးထောင်ပေးရမှာလည်း ဖြစ်ပါတယ်။ အပင်တစ်လသားအရွယ်မှာတော့ စိုက်ခင်းကို ပြောင်းရွေ့ စိုက်ပေးရမှာဖြစ်ပါတယ်။

စိုက်ခင်းမြေက သဲမြေ၊ ဒါမှမဟုတ်ရင် မြေဆွေးဖြစ်နေမယ်ဆိုရင်တော့ တစ်ဧကကို နွားချေး လှည်းလေးစီး၊ နုံးမြေဖြစ်နေမယ်ဆိုရင်တော့ တစ်ဧကကို နွားချေး လှည်းနှစ်စီး ထည့်ပေးရမှာဖြစ်ပြီးတော့ ထယ်နှစ်စပ်ကနေ လေးစပ်ထိုးပြီးတော့ မြေသားညက်အောင် ထွန်အထပ်ထပ် မွှေပေးရမှာလည်း ဖြစ်ပါတယ်။

သုံးပေနှစ်ပေ ပေါင်တန်းတွေကို ပြုလုပ်ပြီးတော့ ပျိုးပင်ပေါက်တွေကို ပြောင်းရွေ့ စိုက်ပျိုးရမှာလည်း ဖြစ်ပါတယ်။ ရွေ့ပြောင်းစိုက်ပျိုးပြီးခါစ အပင်တွေကိုတော့ ရေရွဲရွဲ လောင်းရန် လိုအပ်ပါတယ်။ ပေါင်းမြက်များကို ရှင်းလင်းပေးခြင်း စိုက်ပျိုးပြီး ၁၀ ရက်တစ်ခါ ၁၅ ရက်တစ်ခါ သုံးကြိမ် ပေါင်းလိုက် မြေဆွပေးခြင်းတို့ကို ပြုလုပ်ပေးရမှာပါ။

ခရမ်းချဉ်ပင်က မျိုးစေ့ချ စိုက်ပျိုးတဲ့ရက်မှ စပြီးတော့ နှစ်လခွဲအတွင်းမှာ အသီးများကို ခူးဆွတ်နိုင်မှာလည်း ဖြစ်ပါတယ်။

ခရမ်းချဉ်ပင်မှာ ကျရောက်တတ်တဲ့ ရောဂါတွေကတော့ ခရမ်းချဉ်ပင် ပင်ဆီနဲ့ အသီး အနားချိုင့်ရောဂါ ခရမ်းချဉ်ပင် အရောင်မညီရောဂါနဲ့ ခရမ်းချဉ်ပင် အဖူးကြီးရောဂါတို့ပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required