ဂျီးဆပ်စ်၏ဒဏ်ရာ ပြင်းထန်မှု မရှိစေရန် မန်စီးတီးနည်းပြဂွါဒီယိုလာ ဆုတောင်းနေ

ဂျီးဆပ်စ်၏ဒဏ်ရာ ပြင်းထန်မှု မရှိစေရန် မန်စီးတီးနည်းပြဂွါဒီယိုလာ ဆုတောင်းနေ
 

ဖေဖော်ဝါရီ ၁၄၊ အင်္ဂလန် ။                      ။ ဘုန်းမောက်နှင့်ပွဲစဉ်တွင် ခြေထောက်ဒဏ်ရာ ရရှိသွားခဲ့သည့် ဘရာဇီးလူငယ်တိုက်စစ်မှူး ဂျီးဆပ်စ်၏ဒဏ်ရာပြင်းထန်မှု မရှိစေရန် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဆုတောင်းလျက် ရှိသည်။

မန်စီးတီးအသင်းက ဘုန်းမောက်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ထိုပွဲစဉ်တွင် ဂျီးဆပ်စ်သည် ပွဲချိန် ၁၅ မိနစ်မှာပင် ဒဏ်ရာရရှိပြီး အဂူရိုနှင့်လူစားလဲခဲ့ရသည်။

မန်စီးတီးတွင် ပထမနေရာပျောက်ဆုံးနေသည့် အဂူရိုမှာ ရရှိလာသည့်အခွင့်အရေးကို အသုံးချနိုင်ခဲ့ပြီး မန်စီးတီးအသင်းအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့သည်။ နောက်ထပ်အနိုင်ဂိုးတစ်ဂိုးကိုတော့ စတာလင်းက သွင်းယူခဲ့သည်။

‘မနက်ဖြန်မနက်မှာ ကျွန်တော်တို့ ဂျီးဆပ်စ်ရဲ့အခြေအနေကို အတိအကျသိရပါမယ်။ သူအရမ်း၊ အရမ်းကို ကံဆိုးခဲ့တာပါ။ သူ့ရဲ့ဒဏ်ရာပြင်းထန်မှုမရှိပါစေနဲ့လို့ ဒီညတော့ ကျွန်တော်ဆုတောင်းနေမှာပါ’ ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

ဂိုးသွင်းယူပေးခဲ့သည့် အဂူရိုအတွက်မူ ဂွါဒီယိုလာက ‘အဂူရို ကစားတာ ကောင်းပါတယ်။ တကယ်ကိုကောင်းပါတယ်။ သူဟာ ကြိုးစားကစားခဲ့ပြီး ဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်။ သူ့အတွက် ကျွန်တော်ပျော်ပါတယ်။ အဂူရိုဟာ ပွဲမစခင်ကတည်းက အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်သလို အခုလည်း အရေးပါတဲ့ကစားသမားပါပဲ။ ပြိုင်ပွဲတွေအများကြီး ကစားနေရတဲ့အချိန်မှာ ကစားသမား အားလုံးကို ကျွန်တော်တို့လိုအပ်ပါတယ်’ ဟု ပြောဆိုခဲ့သည်။

ယခုနိုင်ပွဲကြောင့် မန်စီးတီးအသင်းသည် ထိပ်ဆုံးမှချယ်လ်ဆီးနှင့် ရှစ်မှတ်အကွာ ဒုတိယနေရာသို့ ရောက်ရှိလာခဲ့သည်။ ချန်ပီယံဆုနှင့်ပတ်သက်၍မူ ဂွါဒီယိုလာက အမှတ်ကွာဟမှုမှာ အလွန်များပြားနေသေးကြောင်း ပြောခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required