ဖေဖော်ဝါရီ ၁၀ ။ ။ ဇန်နဝါရီလအတွင်း လူကုန်ကူးမှု ၉ မှု ဖြစ်ပွားခဲ့ပြီး ၇ မှုမှာ တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ် ခိုင်းစေမှုဖြစ်သည်ဟု သိရသည်။
ဇန်နဝါရီလအတွင်း တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ခိုင်းစေမှု ၇ မှု၊ ပြည်တွင်း၌ အဓမ္မခိုင်းစေမှု ၁ မှု၊ ပြည့်တန်ဆာပြု ခိုင်းစေမှု ၁ မှုဖြင့် ၉ မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားဒေသများနှင့် တိုင်းဒေသကြီးများမှ လူကုန်ကူးခဲ့ခြင်းဖြစ်သည်။
လူကုန်ကူးခံရသူများမှာ ပဲခူး၊ ရှမ်းပြည်နယ်၊ မန္တလး၊ ကချင်၊ ကယားတို့မှ ပါဝင်ပြီး ပဲခူး တိုင်းဒေသကြီးတွင် ၃ မှု၊ ရှမ်းပြည်နယ်တွင် ၃ မှု၊ မန္တလေး တိုင်းဒေသကြီးတွင်၁ မှု၊ ကချင်ပြည်နယ်တွင် ၁ မှု၊ ကယားပြည်နယ်တွင် ၁ မှု၊ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လူကုန်ကူးခံရသူ ၁၆ ဦးအနက် ၁၁ ဦးအား ပြန်လည်ကယ်တင်နိုင်ခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီး အဆိုပါ လူကုန်ကူးမှုများမှ တရားခံ ၁၉ ဦး အနက် ၉ ဦး ဖမ်းဆီးရမိခဲ့ပြီး ကျန် တရားခံ ၁၀ ဦးအား ဖမ်းဆီးနိုင်ရေးအတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် လူကုန်ကူးခံရသူများအား လူမှုဝန်ထမ်း၊ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာနအောက်ရှိ အမှတ် (၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်တွင် နှစ်သိမ့်စောင့်ရှောက်မှုပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပါဝင်သည့် ဒုတိယအကြိမ်(၂+၂) အဆင့်မြင့်ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၇ ရက်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ပြုလုပ်ခဲ့ပြီး တရားမဝင် လူဝင်၊လူထွက် တားဆီးရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ တရားမဝင်ကုန်သွယ်မှုများ တားဆီးရေးများ ပါဝင်သည်။