မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု တရုတ် ပြစ်တင်

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု တရုတ် ပြစ်တင်

ဖေဖော်ဝါရီ ၁၃ ။             ။ မြောက်ကိုရီးယားတို့၏ ဒုံးကျည်စမ်းသပ်မှုမှာ ကုလသမဂ္ဂ ပြဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တရုတ်က ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ဖော်ပြစ်တင်သွားသည်။

တာဝေး တာလတ် ပစ်နိုင်သော ဒုံးကျည်အမျိုးအစားသစ်ကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားတို့ ထုတ်ဖော်ပြီးနောက် ယခုကဲ့သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြစ်တင်သွားခြင်းဖြစ်သည်။

ယမန်နှစ်ကလည်း ယင်းကဲ့သို့ ပဲ့ထိန်းဒုံးစမ်းသပ်မှုများ လုပ်ဆောင်ထားသည့် မြောက်ကိုရီးယားတို့၏ ယခု ဒုံးကျည်ပစ်လွှတ်မှုမှာ ယင်းနိုင်ငံအပေါ် တင်းကျပ်စွာ ကိုင်တွယ်ဆက်ဆံသွားမည်ဟု   ကြွေးကြော်ထားသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ပထမဆုံးအကြိမ် သွေးတိုးစမ်းလိုက်ခြင်းလည်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ပြုံယမ်းအစိုးရ၏ ယခုဒုံးကျည်စမ်းသပ်မှုနှင့်ပတ်သက်၍ လွန်စွာ စိုးရိမ်ပူပန်မိကြောင်းလည်း ရုရှ အစိုးရက ထုတ်ပြန်သွားခဲ့သေးသည်။

မြောက်ကိုရီးယားတို့၏ ယခု လုပ်ဆောင်မှုအပေါ် များစွာ ပူပန်မိကြောင်းနှင့် ဒေသတွင်း တင်းမာမှုများ တိုးမလာစေရန် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းလုပ်ဆောင်စေလိုကြောင်း ရုရှတို့က ထုတ်ဖော်ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required