ရီးယဲလ်အသင်းနဲ့ ပွဲ ၅၀၀ ပြည့်မြောက်သွားသည့် ဆာဂျီယိုရာမို့စ်

ရီးယဲလ်အသင်းနဲ့ ပွဲ ၅၀၀ ပြည့်မြောက်သွားသည့် ဆာဂျီယိုရာမို့စ်

ဖေဖော်ဝါရီ ၁၂၊ စပိန် ။           ။ ရီးယဲလ်အသင်းက အိုဆာဆူနာအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် နောက်ခံလူဆာဂျီယိုရာမို့စ်သည် ရီးယဲလ်အသင်းနှင့် ပွဲ ၅၀၀ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်သည်။

ရာမို့စ်သည် ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က ရီးယဲလ်အသင်းသို့ ဆီဗီလာအသင်းမှ ရောက်ရှိလာခဲ့သူဖြစ်သည်။ လာမည့်လတွင် အသက် ၃၁ နှစ်ပြည့်တော့မည့် ရာမို့စ်သည် အသက် ၁၉ နှစ်အရွယ်ကတည်းက ရီးယဲလ်အသင်းသို့ ရောက်ရှိနေသူဖြစ်သည်။

ရီးယဲလ်အတွက် လာလီဂါပွဲစဉ် ၃၅၀၊ ချန်ပီယံလိဂ် ၉၆ ပွဲ၊ ကိုပါဒယ်ရေး ၃၉ ပွဲ၊ စပိန်စူပါဖလား ၁၀ ပွဲ၊ ဖီဖာကမ္ဘာ့ကလပ်ဖလား ၃ ပွဲနှင့် ယူအီးအက်ဖ်အေစူပါဖလား ၂ ပွဲ ကစားပေးခဲ့သည်။ ရာမို့စ်သည် ရီးယဲလ်နှင့်အတူ ဆုဖလားအားလုံးကိုလည်း ရယူနိုင်ခဲ့သူဖြစ်သည်။ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ ဖီဖာကမ္ဘာ့ကလပ်ဖလား ၂ ကြိမ်၊ ယူအီးအက်ဖ်အေစူပါဖလား ၂ကြိမ်၊ လာလီဂါဖလား ၃ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၂ ကြိမ်နှင့် စပိန်စူပါဖလား ၂ ကြိမ် ရရှိခဲ့သည်။

ရီးယဲလ်တွင် ကစားခဲ့သည့်ကာလအတွင်း ပွဲပေါင်း ၅၀၀ တွင် ၆၆ ဂိုးအထိသွင်းယူပေးနိုင်ခဲ့သည်။ ရာမို့စ်သည် ၂၀၁၄ နှင့် ၂၀၁၆ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် သွင်းယူခဲ့သည့်ဂိုးများအပါအဝင် အဆုံးအဖြတ်ဂိုးများစွာကို သွင်းယူပေးခဲ့သူ ဖြစ်သည်။

‘ရီးယဲလ်နဲ့ပွဲ ၅၀၀ ပြည့်မြောက်ခဲ့ပါပြီ။ မျှော်မှန်းထားတဲ့ အိပ်မက်တွေထက် ပိုပြီးလုပ်နိုင်ခဲ့တာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အောင်ပွဲခံမှုတစ်ခုခုလုပ်ဖို့ အစီအစဉ်တော့ ရှိပါတယ်။ စောင့်ပါဦး’ ဟု ရာမို့စ်က လူမှုကွန်ယက်တွင် ရေးသားခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly