ပရီးမီးယားလိဂ်တွင် ပထမဆုံး အမှတ် ၂,၀၀၀ ပြည့်သည့်အသင်းအဖြစ် မန်ယူအသင်း မှတ်တမ်းရေးထိုး

ပရီးမီးယားလိဂ်တွင် ပထမဆုံး အမှတ် ၂,၀၀၀ ပြည့်သည့်အသင်းအဖြစ် မန်ယူအသင်း မှတ်တမ်းရေးထိုး

ဖေဖော်ဝါရီ ၁၂၊ အင်္ဂလန် ။           ။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ တွင် ဝက်ဖို့ဒ်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတွင် ပထမဆုံး အမှတ် ၂,၀၀၀ ပြည့်မြောက်သည့်အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

အိုးထရက်ဖို့ဒ်ကွင်းတွင်ကစားခဲ့သည့် ထိုပွဲစဉ်တွင် မန်ယူအသင်းအတွက် အနိုင်ဂိုးများကို မာတာနှင့် မာရှယ်တို့က သွင်းယူပေးခဲ့ကြသည်။

၁၉၉၂ ခုနှစ်က စတင်ခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မန်ယူအသင်းသည် ပွဲပေါင်း ၉၄၉ ပွဲကစားခဲ့ပြီးနောက် ယခုစံချိန်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ထိုကာလအတွင်း မန်ယူအသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကြီးကို ၁၃ ကြိမ်အထိ ရယူနိုင်ခဲ့သည်။ ပွဲပေါင်း ၉၄၉ ပွဲကစားခဲ့ရာတွင် ၅၉၉ ပွဲအနိုင်ရခဲ့ပြီး ၂၀၃ ပွဲသရေကျခဲ့ကာ ရမှတ် ၂,၀၀၀ ရရှိခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းနှင့် အနီးဆုံးတွင် ရှိနေသည့် အသင်းမှာ အာဆင်နယ်အသင်းဖြစ်ပြီး ရမှတ်ပေါင်း ၁,၇၉၇ မှတ် ရရှိထားသည်။ အာဆင်နယ်၏နောက်တွင် ချယ်လ်ဆီးအသင်းရှိနေပြီး ၁,၇၅၅ မှတ် ရရှိထားသည်။

ရမှတ်ကို ပွဲနှင့်အချိုးချကြည့်လျှင် မန်ယူအသင်းမှာ ပျမ်းမျှတစ်ပွဲကို ၂.၁၁ မှတ် ရရှိခဲ့ပြီး အာဆင်နယ်အသင်းက ၁.၈၉ မှတ် ရရှိခဲ့သည်။ မန်စီးတီးအသင်းမှာ အဆင့်ငါးနေရာတွင် ရှိနေပြီး တစ်ပွဲပျမ်းမျှ ၁.၅၁ မှတ် ရရှိခဲ့သည်။ ထိပ်ဆုံး၁၀ သင်းတွင် အံ့အားသင့်ဖွယ်ပါဝင်နေသည့်အသင်းမှာ ချန်ပီယံရှစ်မှ လိဒ်ယူနိုက်တက်အသင်းဖြစ်ပြီး ၎င်းတို့မှာ အဆင့် ၇ နေရာတွင် ရပ်တည်လျက်ရှိနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required