ပေါင်တစ်ထောင်ကျော် အီဂျစ်အမျိုးသမီး ခွဲစိတ်ရန် အိန္ဒိယသို့ ရောက်လာ

ပေါင်တစ်ထောင်ကျော် အီဂျစ်အမျိုးသမီး ခွဲစိတ်ရန် အိန္ဒိယသို့ ရောက်လာ

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၁ ။             ။ အသက်ရှင်ဖို့အတွက် ခွဲစိတ်မှ ဖြစ်မယ်လို့ ဆရာဝန်တွေ ပြောထားတဲ့ ကိုယ်အလေးချိန် ၅၀၀ ကီလိုဂရမ် (ပေါင် ၁၁၀၂ ပေါင်) ခန့်ရှိတဲ့ အီဂျစ်နိုင်ငံက အီမမ်အာမတ်အတီဟာ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို ခွဲစိတ်ဖို့အတွက် ဖေဖော်ဝါရီ ၁၁ ရက်က ရောက်လာပြီဖြစ်ပါတယ်။

အသက် ၃၆ နှစ်ရှိတဲ့ အီမမ်ဟာ သူရဲ့ အိမ်ခန်းထဲကနေ အပြင်ကိုထွက်တာဟာ ၂၅ နှစ်အတွင်း ဒါဟာ ပထမဆုံးလည်းဖြစ်ပါတယ်။ ခုလို အခန်းထဲက အပြင်ကိုထွက်လို့ အီဂျစ်လေယာဉ်တစ်စင်းနဲ့ အိန္ဒိယရဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့ကို ဒီနေ့ နံနက်ပိုင်းမှာ ရောက်လာခဲ့တာဖြစ်ပါတယ်။

မြို့ရဲ့ Saifee ဆေးရုံမှာ တက်ရောက်နေကြောင်း ဆေးဖက်ဆိုင်ရာအဖွဲ့ သတင်းရင်းမြစ်တစ်ရပ်က ပြောပြီး ခွဲစိတ်မှုလုပ်ဆောင်မယ်ဆိုတာကို လည်း EFE သတင်းဌာနကို အတည်ပြုပါတယ်။

အီမမ်ကို ညီမဖြစ်သူနဲ့အတူ အထူးဆရာဝန်နှစ်ဦးက လိုက်ပါစောင့်ကြပ်လာတာလည်းဖြစ်ပါတယ်။ လေယာဉ်နဲ့ အီမမ်ကို ခေါ်ဆောင်လာခဲ့ရာမှာလည်း အထူးတည်ဆောက်ထားတဲ့အိပ်ရာနဲ့ အထူးပြင်ဆင်မှုတွေနဲ့ သယ်ဆောင်ခဲ့ရတာဖြစ်ကြောင်း အကူအညီပေးရေးအဖွဲ့ တစ်ဖွဲ့က ဆိုပါတယ်။

ခုလို အီမမ်ကို လေယာဉ်နဲ့ သယ်လာဖို့အတွက် သူ့ရဲ့ ခရီးထွက်နိုင်မယ့်အခြေအနကို ဆရာဝန်အဖွဲ့တစ်ဖွဲ့က ဆယ်ရက်ကြာ ပြင်ဆင်ခဲ့ရတာလည်းပဲဖြစ်ပါတယ်။

အိန္ဒိယလေဆိပ်ကို ရောက်ချိန်မှာတော့ ပစ္စည်းပစ္စယအပြည့်အစုံ ထရပ်ကားပေါ်တင်ပြီး အရေးပေါ်ကား၊ ရဲကားအစောင့်အကြပ်တွေနဲ့ ဆေးရုံကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

အီမမ်ရဲ့ အကြောင်းကို မီဒီယာတစ်ချို့က ဖော်ပြလိုက်ရာကနေ လူအများစိတ်ဝင်စားလာကြခြင်း ဖြစ်ပါတယ်။ အိန္ဒိယဆရာဝန် မူဖာဇယ်က အီမမ်ကို အခမဲ့ခွဲစိတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့တာပဲ   ဖြစ်ပါတယ်။

ဂင်းနစ်မှတ်တမ်းမှာတော့ ကမ္ဘာ့အဝဆုံးအမျိုးသမီးအဖြစ် မှတ်တမ်းတင်ထားသူဟာ အမေရိကန်နိုင်ငံက ပေါလ်လိုင်းပေါတာဆိုတဲ့ အမျိုးသမီးဖြစ်ပြီး ကိုယ်အလေးချိန် ကီလိုဂရမ် ၂၉၁ ဒဿမ ၆ ကီလိုဂရမ်ရှိသူ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly