ပေါင်ချိန် ခေါ် လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ရွေးကောက်ပွဲဝင်မည်

ပေါင်ချိန် ခေါ် လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ရွေးကောက်ပွဲဝင်မည်

နေပြည်တော် (မဇ္ဈိမ) ။ ။ သမာသမတ်ကျပြီး ပေါင်ချိန်ကဲ့သို့ အရည်အချင်းရှိခြင်းကြောင့် လာမည့်ရွေးကောက်ပွဲတွင် ထပ်ပြိုင်ဦးမည်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြေညာလိုက်သည်။

လာမည့် ရွေးကောက်ပွဲတွင် လက်ရှိ မဲဆန္ဒနယ်ဖြစ်သော မန္တလေးတိုင်း၊ ပျော်ဘွယ်နှင့် ရမည်းသင်းမြို့နယ် ကိုယ်စားပြုကာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ထပ်မံယှဉ်ပြိုင်မည်ဟု ဇူလိုင် ၂၄ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီး ဦးခင်အောင်မြင့်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ကျွန်တော့ကို ထောက်ခံမဲပေးခြင်း၊ မပေးခြင်းကိစ္စအတွက် ဘာမှ မပြောလိုပါဘူး။ မဲဆန္ဒရှင်ပြည်သူများရဲ့ အမြောက်အမြင်ကြီးမားတဲ့ဆုံးဖြတ်ချက်ကို ကျေနပ်စွာ ခံယူသွားမည်ဖြစ်ပါကြောင်း ပြောကြားအပ်ပါတယ်” ဟု ဦးခင်အောင်မြင့်က ပြောသည်။

ရွေးကောက်ပွဲဝင်မည်ဟု ဦးခင်အောင်မြင့် ပြောဆိုချိန်တွင် လွှတ်တော်အစည်းအဝေး အစီအစဉ်ပြီးဆုံးနေပြီ ဖြစ်ပြီး ကြိုတင်ရေးသားထားသည့်စာကို ဖတ်ကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထိုသို့ပြောဆိုချိန်တွင် ကျက်သရေခေါင်းပေါင်း မပေါင်းထားသည့်အတွက် ခေါင်းပေါင်းပေါင်းပြီးနောက် ရေးသားထားသည့်စာကို ဒုတိယအကြိမ်အဖြစ် ဖတ်ကြားကြေငြာခဲ့သေးသည်။

“ငါးနှစ်တိုင်တိုင်တာဝန်ယူခဲ့ရတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို သမာသမတ်ကျတဲ့၊ ပြတ်သားတဲ့၊ စည်းကမ်းဥပဒေနဲ့ ကိုက်ညီတဲ့ ဦးဆောင်မှုကိုပေးနိုင်ခဲ့တဲ့အတွက်လည်း နိုင်ငံတဝှမ်းလုံးရဲ့ လေးစားချစ်ကြည်မှု ကိုရခဲ့ပါတယ်။ ဒီအတွက်လည်း ရမည်းသင်းခရိုင်က မဲဆန္ဒရှင်ပြည်သူများ ဂုဏ်တက်ကြလိမ့်မယ်လို့ ပြောလိုပါတယ်”

“လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူတွေက ကျွန်တော့်နောက်ကွယ်မှာပေးကြတဲ့ နာမည်ကတော့ ပေါင်ချိန်ဖြစ်ပါတယ်။ ပေါင်ချိန်ဆိုတာ ပြည်သူ့တရားရှင်ဆိုတဲ့ တရုတ်ဇာတ်လမ်းတွဲထဲက အလွန်သမာသမတ်ကျတဲ့ ပညာရှိတရားသူကြီးမင်း ဖြစ်ပါတယ်။ ဒီအတွက်လည်းဂုဏ်ယူစရာဖြစ်ကြပါလိမ့်မယ်” ဟု ဦးခင်အောင်မြင့်က ပြောသည်။

လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် လွှတ်တော်အမတ်တို့၏ မေးမြန်းချက်များကို လွှတ်တော်တွင် လာရောက် ဖြေကြားသည့် အစိုးရအဖွဲ့၏ မှားယွင်းချက်များကိုလည်း မကြာခဏ ဝေဖန်ထောက်ပြသူတစ်ဦးလည်း ဖြစ်သည်။

အစိုးရ၏ ဘတ်ဂျက်သုံးစွဲမှု အလေအလွင့်ရှိမှုအပေါ် ပွဲဈေးတွင် ဆီးသီးဗန်းမှောက်သည့် ဥပမာဖြင့် ထောက်ပြခဲ့သည့် ဦးခင်အောင်မြင့်၏ ပြောဆိုချက်မှာလည်း ပြည်သူများကြား လူသိများခဲ့သည်။

အဆိုပါ ဆီးသီးဗန်းမှောက်သည့် ဥပမာနှင့်ပတ်သက်၍လည်း ဦးခင်အောင်မြင့်က “လွှတ်တော်တွင်း ကျွန်တော့် ပြောကြားချက်များ အနက် တစ်နိုင်ငံလုံးမှာ အပေါက်ဆုံးစကားလုံးကတော့ ပွဲဈေးတန်းမှာ ဆီးသီးဗန်းမှောက်သလိုပဲ ဆိုတဲ့ ဥပမာဖြစ်ပါတယ်။ ဒီအတွက် တည့်မတ်ကောင်းမွန်သွားတာတွေဟာ နိုင်ငံတော်အတွက် ထိခိုက်နစ်နာမှုတွေကနေ ကင်းလွတ်သွားပြီး ပြည်သူများရသင့်တဲ့ အကျိုးတရားကို အပြည့်အဝရရှိသွားပါတယ်” ဟု ဆိုသည်။

ဦးခင်အောင်မြင့်၏ ကိုယ်ရေးအကျဉ်း

ဦးခင်အောင်မြင့်အား ၁၉၄၆ခုနှစ်တွင် ပဲခူးတိုင်း၊ ဘုရားကလေးကျေးရွာတွင် မွေးဖွားခဲ့သည်။ ၁၉၆၇ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကိုရရှိခဲ့ပြီး ၁၉၉၇ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ Diploma in Defence Security ကို ရရှိခဲ့သည်။

၁၉၆၅ခုနှစ်မှ ၁၉၉၇ခုနှစ်ထိ ကာကွယ်ရေးဝန်ကြီးဌာနတွင် ဒုတပ်မမှူးအဆင့်အထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၇ခုနှစ်မှ ၂၀၀၆ခုနှစ်အထိ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးတွင် ဗိုလ်ချုပ်ရာထူးအထိ ညွှန်ကြားရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။

၂၀၀၆ခုနှစ်၊ အောက်တိုဘာတွင် တပ်မတော်မှ ဗိုလ်ချုပ်အဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။ ထို့နောက် ၂၀၀၆ခုနှစ်မှ ၂၀၁၀ခုနှစ်ထိ လေးနှစ်ကြာ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၀ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်တို့ကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required