စစ်မှန်သင့်တော်တဲ့့ ကလေးစာပေ ဖွံ့ဖြိုးတိုးတက်ရေး

စစ်မှန်သင့်တော်တဲ့့ ကလေးစာပေ ဖွံ့ဖြိုးတိုးတက်ရေး

လွန်ခဲ့တဲ့ ၂၀၁၆ ခု နိုဝင်ဘာလ ၅ ရက်နေ့က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ မှာ ကလေးစာပေပွဲတော်တစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော် တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ပါတယ်။ ကလေးစာပေဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်က အခုလို စိတ်ဝင်စား အားပေးတဲ့သဘော ဖြစ်တာမို့ မိမိတို့အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုခဲ့ကြပါတယ်။

ဆိုရိုးစကားတစ်ခုရှိပါတယ်။ ရုရှပြည်အကြောင်းပြောရင် စာရေးဆရာကြီး ဂေါ်ကီကို ချန်လှပ်ထားလို့မရသလို မြန်မာပြည်အကြောင်းပြောရင်လည်း စာရေးဆရာ သတင်းစာဆရာ၊ ကဗျာဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ချန်လှပ်ထားလို့မရပါဘူး။

ဒီလိုပါပဲ မြန်မာနိုင်ငံရဲ့ ကလေးစာပေအကြောင်းပြောရင် ကွယ်လွန်သူ ခေတ်စမ်းစာဆိုကြီး ဆရာကြီး မင်းသုဝဏ်ကို ချန်လှပ်ထားလို့ မဖြစ်ပါဘူး။ ဆရာကြီးမင်းသုဝဏ်ဟာ ကလေးကဗျာများစွာနဲ့ ပုံပြင်များ ရေးသားခဲ့သူ ကဗျာဆရာကြီးဖြစ်ပါတယ်။ ဆရာကြီးရဲ့ ချစ်ခင်နှစ်သက်ဖွယ် ကလေးကဗျာတွေကို လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ကျောင်းသုံးကဗျာများအဖြစ်လည်း  ပြဌါန်းခဲ့ပါတယ်။ ကျောင်းနေဖူးတဲ့ ကလေးငယ်ဟူသရွေ့ ဆရာကြီးမင်းသုဝဏ်ရဲ့ ကလေးကဗျာများတွေကို ကျက်ဖတ် မှတ် သားပြီးမှ ကြီးပြင်းလာခဲ့ကြရတာပါ။

မြန်မာစာပေရေစီးကြောင်းမှာ ကလေးစာပေရယ်လို့ သတ်သတ်မှတ်မှတ် အသိအမှတ်ပြု လက်ခံလာခဲ့တဲ့ အချိန်ကာလကတော့ မကြာသေးပါဘူး။ လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလ ကြမှဖြစ်ပါတယ်။ ကလေးကဗျာစာအုပ်တွေ၊ ကလေးကဗျာနဲ့ပတ်သက်တဲ့ စာတမ်းတွေ၊ ကလေးစာပေဆိုင်ရာ ဆွေးနွေးပွဲတွေလည်း ပေါ်ပေါက်လာခဲ့တာဟာ လွတ်လပ်ရေးခေတ်ဦးကြမှပဲလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် ကလေးစာပေဖွံ့ဖြိုးတိုးတက်ရေး အင်တိုက်အားတိုက် အားထုတ်ခဲ့တဲ့ စာပေဗိမာန်အဖွဲ့ကို ကျေးဇူးတင်ကြရမှာပါ။

ကလေးတွေဟာ နောင်တချိန်မှာ လူကြီးဖြစ်လာကြမှာဖြစ်တယ်။ တိုင်းပြည်တစ်ခုရဲ့ ကလေးသူငယ်တွေဟာ ယင်းသက်ဆိုင်ရာတိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တယ်။ မျှော်လင့်ချက်ဖြစ်တယ်။ ဒါကြောင့်မို့ ငယ်စဉ်ကတည်းက ကလေးငယ်တွေကို အတွေးအခေါ်အရ၊ ကျင့်ဝတ်သီလအရ ပြည့်ဝမှန်ကန်တဲ့ ပညာပေးမှုတွေ မဖြစ်မနေ လုပ်ကြရမှာပဲဖြစ်ပါတယ်။

ကလေးတွေကို ပညာပေးဖို့၊ စည်းရုံးသိမ်းသွင်းဖို့လုပ်တဲ့အခါ စာပေနဲ့ စည်းရုံးသိမ်းသွင်းခြင်းနည်းဟာလည်း အင်မတန်ထိရောက်တဲ့သိမ်းသွင်းနည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ကလေးတွေကို ရည်စူးပြုစုရေးဖွဲ့တဲ့ ကလေးစာပေများကို အားပေးကြရမှာပဲဖြစ်ပါတယ်။

ဒီနေရာမှာ သတိပြုရမယ့်အချက်က ဘယ်လိုပညာပေးမှုမျိုး၊ ဘယ်လိုစာပေမျိုးနဲ့ ကလေးတွေကို ခေါင်းလှည့်ပေးကြမလဲဆိုတဲ့အချက်ကလည်း သတိပြုကြဖို့ လိုအပ်ပြန်ပါတယ်။ ဥပမာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ဝန်းကျင်ကာလအတွင်း ကလေးတွေကို ပုံစံခွက်အတွေးအခေါ်၊ လှေနံဓါးထစ်အတွေးအခေါ်နဲ့ မှားသည်မှန်သည်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းအသိ ကန့်သတ်ပိတ်ပင်ထားတဲ့ ပညာပေးမှုမျိုးကိုပဲ တလျောက်လုံး ကျင့်သုံးလာခဲ့တာ တွေ့ရပါတယ်။ အာဏာရ အစိုးရအဆက်ဆက်ဟာ အုပ်စိုးသူကို မျက်စိမှိတ်အသိအမှတ်ပြု၊ အုပ်စိုးသူကို လေးစားကြောက်ရွံ့စေရေး ပညာပေးမှုများကိုသာ ဦးတည်တဲ့စာပေမျိုးတွေကိုသာ  ကလေးတွေအတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ကြတာ တွေ့ရပါတယ်။

အခုတော့ မိမိတို့နိုင်ငံ ပြုပြင်ပြောင်းလဲရေးကာလ၊ ပြည်သူတို့ ရွေးချယ်တင်မြှောက်တဲ့အစိုးရရယ်လို့ ဖြစ်ခဲ့ပြီမို့ ကလေးစာပေဖွံ့ဖြိုးတိုးတက်ရေး အားပေးချီးမြှောက်တဲ့အသံတွေ ကြားလာရစပြုတာတွေ့ရပါတယ်။ ကွယ်လွန်သူ ကလေးစာပေဖခင်ကြီး ကဗျာစာဆိုကြီး မင်းသုဝဏ်ရဲ့ မျိုးဆက်ဖြစ်တဲ့ သမ္မတကြီး ဦးထင်ကျော်ကပင်လျင် ကလေးစာပေဖွံ့ဖြိုးတိုးတက်ရေး အားပေးသူဖြစ်သည့်အတွက် မိမိတို့အားလုံး ဝမ်းမြောက်စွာ ကြိုဆိုကြရမှာ ဖြစ်ပါတယ်။

“လွတ်လပ်စွာ ဝေဖန်ပိုင်းခြား၊ ထွင်းဖေါက်စဉ်းစား၊ ယဉ်ကျေးသိမ်မွေ့ပြီး မေတ္တာတရားနဲ့ ငြိမ်းချမ်းရေး”ကိုအခြေခံတဲ့ ကလေးစာပေများ၊ “ လူတစ်စုအကျိုးမဟုတ်ဘဲ တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးပြုစေမည့်”ကလေးစာပေများ  ဆထက်တံပိုး သည့်ထက်တိုးမြှင့်လာစေရေး ကြိုးပမ်းမှုများအားလုံးကို မဇ္ဈိမက အပြည့်အ၀ ထောက်ခံကြိုဆိုကြောင်း ပြောကြားအပ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly