ရခိုင်နှင့် နေပြည်တော်ပွဲ ဖြစ်ရပ်နှင့် ပတ်သက်၍ စည်းကမ်း ထိန်းသိမ်းရေး မှပြစ်ဒဏ်များ ချမှတ်

ရခိုင်နှင့် နေပြည်တော်ပွဲ ဖြစ်ရပ်နှင့် ပတ်သက်၍ စည်းကမ်း ထိန်းသိမ်းရေး မှပြစ်ဒဏ်များ ချမှတ်
ရခိုင်နှင့် နေပြည်တော်ပွဲတွင် ကွင်းလယ်ဒိုင်မှ နှစ်ဘက် ကစားသမား နှစ်ဦးအား အနီကတ် ပြခဲ့သောကြောင့် ကစားသမားများ ၀ိုင်းအုံ စောဒက တက်နေစဉ် (ဓာတ်ပုံ- MFF)

ဇူလိုင် ၂၄၊ ရန်ကုန် ။     ။ ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်က သုဝဏ္ဏကွင်းတွင် ကျင်းပခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဒုတိယ အဆင့် ရှုံးထွက်ပွဲစဉ် တစ်ပွဲဖြစ်သော ရခိုင်ယူနိုက်တက်အသင်းနှင့် နေပြည်တော်အသင်းတို့ ပွဲမှ ပွဲချိန်အတွင်းဖြစ်ရပ်များ အတွက်မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ အရေးယူမှုများ ပြုလုပ်ခဲ့သည်။

ထိုပွဲတွင် ပွဲကစားချိန် ၁၃ မိနစ်၌ နေပြည်တော် ကစားသမား ကီတာနှင့် ရခိုင်ယူနိုက်တက်ကစားသမား ပြည့်ဖြိုးကိုကို တို့အား ဥပဒေပ ကစားမှုကြောင့် ကွင်းလယ်ဒိုင် ဦးတင်နိုင်ထွေးက အနီကတ်ပြ ထုတ်ပယ်ခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်နှင့် ပထမပိုင်း နာကျင် အချိန်ပိုတွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များကို မကျေနပ် သဖြင့် နေပြည်တော် အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ရေသန့်ဗူးအား ခြေထောက်ဖြင့် ကန်ထုတ်ခဲ့ရာ ကွင်းလယ်ဒိုင်က ကွင်းအတွင်းမှ ထုတ်ပယ်ခဲ့သည်။

ယင်းဖြစ်ရပ်များကြောင့် ရခိုင်ယူနိုက်တက်အသင်း ကစားသမား ပြည့်ဖြိုးကိုကိုအား စည်းကမ်းထိန်းသိမ်းရေး အပိုဒ် (၃) အရ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အနီးစပ်ဆုံး (၂)ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းပေးဆောင်ရန် ၊နေပြည်တော် ကစားသမား ကီတာ၏ အနီကတ် ပြသခံရခြင်းအား ပြိုင်ပွဲစည်းမျဉ်း စည်းကမ်း အရ အရေးယူသွားရန် ၊ နေပြည်တော် အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းအား စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၁၂) နှင့် (၁၃) အရ အနီးစပ်ဆုံး (၁)ပွဲပယ်နှင့် ဒဏ်ကြေးငွေ ကျပ် (၃)သိန်း ပေးဆောင်ရန် ၊ ယင်းပွဲတွင် တာဝန်ယူခဲ့သော ကွင်းလယ်ဒိုင်လူကြီး ဦးတင်နိုင်ထွေး၏ လုပ်ဆောင်ချက် အားနည်း သဖြင့် ဒိုင်လူကြီး ဌာနမှ လိုအပ်သလို အရေးယူ ဆောင်ရွက်ရန် စသည်ဖြင့် ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။

အဆိုပါပွဲတွင် ရခိုင်ယူနိုက်တက်အသင်းက နေပြည်တော်အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရကာ ဗိုလ်ချုပ်ဒိုင်းပြိုင်ပွဲ ကွာတား အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး လာမည့် သြဂုတ် ၂ ရက်နေ့တွင် ကွာတားပွဲစဉ်အဖြစ် မနောမြေအသင်းနှင့် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required