ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ပေါ်ထွက်လာပါက စာချုပ်များ ချုပ်ဆိုသွားမည်ဟု ရုရှားသံအမတ် ပြော

ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ပေါ်ထွက်လာပါက စာချုပ်များ ချုပ်ဆိုသွားမည်ဟု ရုရှားသံအမတ် ပြော

ဖေဖော်ဝါရီလ ၈ ။             ။ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေဆိုင်ရာ နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ အတည်ပြုထွက်ပေါ်လာလျှင် ရင်းနှီးမြှုပ်နှံမှုစာချုပ်များ ချုပ်ဆိုသွားရန်ရှိကြောင်း   မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာနီကိုလိုင်းလစ်တိုပါဒေါဗ့် က ယနေ့ (ဖေဖော်ဝါရီ ၈ ရက်) တွင် ပြောသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများပြုလုပ်သွားရန် ရုရှားနိုင်ငံအနေဖြင့် အဆင်အသင့်ရှိနေပြီဖြစ်ပြီး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောခဲ့သည်။

ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ ရေနံလုပ်ငန်းနှင့် သံစိမ်းစက်ရုံ လုပ်ငန်း အချို့တွင်သာ ရုရှားရင်းနှီးမြုပ်နှံမှု အနည်းသာရှိသေးသည်။

"ကျွန်တော်တို့ဘက်က ချုပ်ဖို့ အသင့်ရှိပါတယ်။ ဒါပေမဲ့ ဒီဘက်ကအသင့်မရှိသေးဘူး။ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီး အခုဥပဒေအသစ်ကို ရေးဆွဲနေတယ်။ ပြည်သူ့လွှတ်တော်က အတည်မပြုသေးဘူး။ ဒါမကြာခင် အတည်ပြုတော့မယ်။ နောက်မှ ကျွန်တော်တို့ နှစ်နိုင်ငံရင်းနှီးမြုပ်နှံမှုနဲ့ ဆိုင်တဲ့ စာချုပ်ချုပ်နိုင်ပါမယ်။" ဟု မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာနီကိုလိုင်းလစ်တိုပါဒေါဗ့် က ပြောသည်။

ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံက ဖိတ်ခေါ်ကြောင်း နိုင်ငံတော်သမ္မတဦးထင်ကျော်က ၂၀၁၆ ခုနှစ် မေလ (၁၉) ရက် နှင့် (၂၀) ရက်များတွင် ရုရှားနိုင်ငံ ဆိုချီ မြို့၌ ကျင်းပခဲ့သော  မြန်မာ-ရုရှား နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွင် ပြောသွားခဲ့သည်။

ရုရှား-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် ၁၉၄၈ လွှတ်လပ်ရေးရစဉ်ကာလက စတင်ခဲ့ပြီး ယခုနှစ်တွင် နှစ်ပေါင်း ၆၉ နှစ်ရှိခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required