ဖိလစ်ပိုင်သမ္မတအိမ်တော်မှာ အကျင့်ပျက်ရဲ ရာပေါင်းများစွာကို မဲဇာပို့မည်ဟု ဒူတာတေးက ခေါ်ယူကြိမ်းမောင်း

ဖိလစ်ပိုင်သမ္မတအိမ်တော်မှာ အကျင့်ပျက်ရဲ ရာပေါင်းများစွာကို မဲဇာပို့မည်ဟု ဒူတာတေးက ခေါ်ယူကြိမ်းမောင်း

မနီလာ၊ ဖေဖော်ဝါရီ ၇ ။          ။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က သမ္မတအိမ်တော်မှာ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့ PNP မှ အကျင့်ပျက်ပြားတဲ့ စွပ်စွဲချက်တွေရှိနေတဲ့ ရာနဲ့ချီတဲ့ ရဲတွေကို သမ္မတ ဒူတာတေးက ခေါ်ယူကြိမ်းမောင်းပါတယ်။

ကိုယ်ကျင့်ပျက်ပြားတဲ့ ရဲတွေကို ဆိုးဝါးပြီး မငြိမ်မသက်ဖြစ်ရာ မန်ဒါနာအိုအရပ်ကို စေလွှတ်မယ်လို့ ဒူတာတေးက စိတ်ပိုင်းဖြတ်ထားတာပါ။ သမ္မတအိမ်တော်က သူ့ရှေ့မှောက် ရောက်နေတဲ့ အကျင့်ပျက်ရဲ ၂၀၀ ကို မန်ဒါနာအိုကို ပို့မယ်ဆိုကာ ကြိမ်းမောင်းပြောဆိုတာပဲဖြစ်ပါတယ်။

“ပြောင်းရွှေ့ဖို့ ပြင်ထားကြတော့။ အခုကစပြီး ခင်ဗျားတို့ကို အချိန်နှစ်ပတ်ပေးမယ်။ ၁၅ ရက် ပေးမယ်။ အဲဒီကို မသွားချင်ရင် ခင်ဗျားတို့ရဲ့ အထက်အရာရှိဆီသွား၊ ပြီးတော့ ထွက်စာတင်ပြီး တစ်ခါတည်း ထွက်ကြ။”လို့ ဒူတာတေးက ရဲတွေကို ပြောခဲ့ကြောင်း ABS-CBN သတင်းဌာနက ကိုးကား ဖော်ပြထားပါတယ်။

ဓားပြတိုက်လုယက်မှုကနေ အပြစ်မဲ့အရပ်သားတွေကို ကိုယ်ထိလက်ရောက်ကျုးလွန်မှုတွေအထိ စွပ်စွဲချက်တွေရှိနေတဲ့ အခုရဲတွေကို အစောပိုင်းကလည်း ရဲချုပ် ရော်နယ်ဒီလာရိုဆာက အမျိုးသားရဲဌာနချုပ်မှာ ခေါ်ယူကြိမ်းမောင်းထားပါတယ်။

ခုလိုလုပ်ဆောင်လာတာက ဖိလစ်ပိုင်အစိုးရရဲ့ ရဲတပ်ဖွဲ့အတွင်း အဂတိလိုက်စားတဲ့၊ ကိုယ်ကျင့်ပျက်ပြားတဲ့ ရဲတွေကို ရှင်းလင်းသန့်စင်ရေးအတွက် နောက်ဆုံးဆောက်ရွက်ချက်လည်းဖြစ်ပါတယ်။ ရဲအင်အား ၃၈၇ ယောက်ကို မွမ်းမံသင်တန်းးပေးပြီး ပြည်သူတွေ တိုင်ကြားနိုင်ဖို့ အရေးပေါ် hotline ကိုလည်း ထားရှိပေးမယ်လို့ အစောပိုင်းတစ်ရက်က ရဲချုပ်ရိုဆာက ပြောထားပါတယ်။

၂၀၁၆ အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ မူးယစ်ဆေးဝါး ဟန်လုပ်စီးနင်းတစ်ရပ်မှာ တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံခဲ့ရတဲ့ အမှုအတွင်း ရာထူးအကြီးပိုင်း ရဲတစ်ချို့ ပါဝင်တာကို ဖော်ထုတ်သိရှိပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ အလုံးစုံသန့်စင်ရေး လုပ်ဆောင်သွားဖို့ သမ္မတဒူတာတေးက ဇန်နဝါရီနှောင်းပိုင်းမှာ တိုက်တွန်းထားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly