ကျောင်းပြင်ပရောက် ကလေးနှင့် လူငယ်များအတွက် မူဝါဒ ရေးဆွဲနေ

ကျောင်းပြင်ပရောက် ကလေးနှင့် လူငယ်များအတွက် မူဝါဒ ရေးဆွဲနေ
(ဓာတ်ပုံ- အောင်မြတ်သူ/မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေးသင်ယူခွင့်မရခဲ့သော၊ အခြေခံပညာပြီးဆုံးအောင် မသင်ခဲ့ရသော ကလေး၊ လူငယ်များအတွက် ပညာသင်ယူခွင့် အခွင့်အလမ်းရရှိစေရန်နှင့် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန်အထိ မျှော်မှန်းကာ မူဝါဒရေးဆွဲနေကြောင်း ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒေါက်တာခိုင်မြဲက ပြောကြားသည်။

“အခြေခံ အရေး၊ အဖတ်အတွက် ပညာကို အကြောင်းအမျိုးမျိုးကြောင့် သင်ယူခွင့်မရခဲ့တဲ့ ကျောင်းနေအရွယ်ကလေးများနဲ့ ကျောင်းနေအရွယ်လွန် ကလေးများအတွက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဆီမှတစ်ဆင့် အခြေခံစာတတ်မြောက်ရေး၊ လုပ်ငန်းအကျိုးပြုစာတတ်မြောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ တန်းညှိပညာရေးအပါအဝင် စဉ်ဆက်ပညာရေးကို အကောင်ထည်ဖော်ဆောင်ရွက်ရန်၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးမှတစ်ဆင့် လူမှုစီးပွားဖွံံ့ဖြိုးတိုးတက်စေရေး အတွက်ဒေသအကျိုးပြုလုပ်ငန်းများဆောင်ရွက်ရန်ဆိုတာတွေပါ ပါတယ်” ဟု ဒေါက်တာခိုင်မြဲက ပြောသည်။

နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ဖေဖော်ဝါရီ ၇ရက်၊ နံနက်ပိုင်းက ကျင်းပပြုလုပ်သော ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးမူဝါဒအမျိုးသားအဆင့်ဆွေးနွေးပွဲတွင် ၎င်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဟိုအရင်တုန်းကတော့ အထူးသဖြင့် ကျောင်းပြင်ပမှာရောက်နေတဲ့ ကလေးတွေရဲ့ ပညာရေး၊ နယ်စပ်ဒေသက ကလေးတွေရဲ့ ပညာရေး၊ မသန်စွမ်းကလေးတွေရဲ့ ပညာရေးနဲ့ ကျောင်းရဲ့အပြင်ကိုရောက်နေတဲ့ ကလေးတွေရဲ့ ပညာရေးကို လူမှုလူတန်းစား အဖွဲ့အစည်းတွေကပဲ လုပ်ကျတာ။ ခုကျတော့ နိုင်ငံတော်အစိုးရကနေ ကိုယ်တိုင်တာဝန်ယူဆောင်ရွက်မယ်ဆိုတော့ အလွန်ကို ထူးခြားတဲ့ ပြောင်းလဲမှုတစ်ရပ် ဖြစ်ပါတယ်” ဟု ဒေါက်တာခိုင်မြဲက ဆိုသည်။

ကျောင်းပြင်ပရောက် ကလေးများ၊ လူငယ်များနှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly