နိုင်ငံအနီး တရုတ်တို့ ကျွန်းများ လာတည်ဆောက်နိုင်ကြောင်း ဖိလစ်ပိုင် သတိပေး

နိုင်ငံအနီး တရုတ်တို့ ကျွန်းများ လာတည်ဆောက်နိုင်ကြောင်း ဖိလစ်ပိုင် သတိပေး

ဖေဖော်ဝါရီ ၇ ။            ။ တရုတ်တို့အနေဖြင့် မိမိတို့ နိုင်ငံ ကမ်းရိုးတန်း ပြင်ပ ပင်လယ်ပြင်အတွင်း ကျောက်တန်းတစ်ခု တည်ဆောက်ရန် ကြိုးပမ်းနေသည်ဟု ယုံကြည်ရကြောင်း ဖိလစ်ပိုင်ကာကွယ်ရေး ဝန်ကြီးက ပြောကြားလိုက်သည်။ အကယ်၍ ယင်းသို့ လုပ်ဆောင်လာခဲ့ပါကလည်း အဆိုပါလုပ်ရပ်မှာ လက်သင့်မခံနိုင်စရာ လုပ်ရပ်ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နောက်ပိုင်းတွင် တရုတ်တို့အနေဖြင့် Scarborough ရေတိမ်နေရာကို ပိုင်ဆိုင်ကြောင်း ထပ်မံတောင်းဆိုလာနိုင်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက အေအက်ဖ်ပီ သတင်းဌာနနှင့် အင်တာဗျူးတစ်ရပ်တွင် ပြောသွားသည်။ ယင်း Scarborough ရေတိမ်အရပ်သည် ဖိလစ်ပိုင်ပိုင် Luzon ကျွန်းနှင့် ကီလိုမီတာ ၂၃၀ အကွာတွင် တည်ရှိနေလျက်ရှိသည်။

ပေကျင်းအစိုးရအနေဖြင့် အငြင်းပွား တောင်တရုတ်ပင်လယ်ပြင်အတွင်း ကျွန်းငယ်များနှင့် ကျောက်တန်းများကို တည်ဆောက်ထားပြီးဖြစ်သလို ယင်းနေရာတော်တော်များများတွင် စစ်လက်နက်အဆောက်အအုံများလည်း တပ်ဆင်နေလျက်ရှိသည်။

အကယ်၍ Scarborough တွင်သာ အလားတူ စစ်ရေးပိုင်း တပ်ဆင်လာခဲ့မည်ဆိုပါက တရုတ်တို့အနေဖြင့် အငြင်းပွား ရေလမ်းကြောင်းကို စစ်ရေးအရ ပိုမိုထိန်းချုပ်ခွင့် ရသွားနိုင်စရာ ရှိကြောင်း အကဲဖြတ်လေ့လာသူများက သုံးသပ်ထားကြသည်။

" တကယ်လို့ ကျွန်တော်တို့ဘက်က ခွင့်ပြုပေးကြည့်ပါလား၊ သူတို့ ကျိန်းသေ တည်ဆောက်လာပါလိမ့်မယ်၊ ဒါတကယ့်ကို စိတ်အနှောက်အယှက်ဖြစ်စရာပါ" ဟု ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး လော်ရန်ဇီနာက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags