မိုက်ကာ(MICA) အပြီးသတ် ဖျက်သိမ်းရန် အစိုးရအဖွဲ့၏ ခွင့်ပြုချက်သာလိုတော့

မိုက်ကာ(MICA) အပြီးသတ် ဖျက်သိမ်းရန် အစိုးရအဖွဲ့၏ ခွင့်ပြုချက်သာလိုတော့
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

နေပြည်တော်(ဖေဖော်ဝါရီ ၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြီးခဲ့သည့် အစိုးရလက်ထက်တွင် အစိုးရပိုင် မြေဧကပေါင်းများစွာကို ငှားရမ်းစီမံခန့်ခွဲခွင့် ရရှိထားသည့် မိုက်ကာ(MICA)ကို ဖျက်သိမ်းရန် သမ္မတရုံးက သဘောတူထားပြီးဖြစ်ရာ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်သာ လိုတော့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (မိုက်ကာ/MICA)ကို ဖျက်သိမ်းရန် နိုင်ငံတော်သမ္မတရုံးက ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ ၁၃ရက်တွင် သဘောတူထားပြီးဖြစ်ကာ “မိုက်ကာအား ဖျက်သိမ်းရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်သွားမည် ဖြစ်ပါတယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က ဖေဖော်ဝါရီ ၇ရက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြောသည်။

“အဖွဲ့ဖျက်သိမ်းပြီး ခြံ၊ စက်ရုံ၊ မြေယာများကို သက်ဆိုင်ရာဦးစီးဌာနကို ပြန်လည်လွှဲပြောင်းရေးတို့ကို လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်” ဟု ဦးလှကျော်က လွှတ်တော်တွင် ပြောသည်။

ကရင်ပြည်နည် မဲဆန္ဒနယ်အမှတ်(၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်ခရစ္စထွန်း(ခ) ဒေါက်တာအားကာမိုး တင်သွင်းသော “နိုင်ငံတော်၏ သား၊ ငါးကဏ္ဍ တိုးတက်ရန်နှင့် စားနပ်ရိက္ခာဖူလုံရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသည်ဆိုသော MICA သည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးပြုမှု မရှိဘဲ လူတစ်စုမှ လက်ဝါးကြီးအုပ် ခြယ်လှယ်လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းကြောင့်  အဆိုပါ MICA အဖွဲ့ကို ဖျက်သိမ်းပြီးလျှင် ပြည်ထောင်စုအစိုးရအဖွဲ့၏ တရားဝင်ခွင့်ပြုမိန့်မရရှိဘဲ ဆောင်ရွက်ခဲ့သည့် သိမ်းဆည်းရယူထားသော စက်ရုံများ၊ လုပ်ငန်းများ၊ မြေယာများကို မည်သို့ စီမံထားကြောင်းနှင့် ရရှိခဲ့သည့် ငွေကြေးစီမံခန့်ခွဲထားမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်းဖော်ထုတ်ပေးပါရန်” တိုက်တွန်းကြောင်းအဆိုနှင့် ပတ်သက်ပြီး ဦးလှကျော်က လွှတ်တော်တွင် လာရောက်ရှင်းလင်းစဉ် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ဖျက်သိမ်းတဲ့ကိစ္စမှာလည်း ငွေကြေးစီမံခန့်ခွဲမှုအပိုင်း ရှင်းလင်းရန်အတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ အကြံဉာဏ်များရယူ၍ ပူးပေါင်း ဆောင်ရွက်သွားမယ်” ဟု ဦးလှကျော်က ဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်ခရစ္စထွန်း(ခ) ဒေါက်တာအားကာမိုး၏ တိုက်တွန်းကြောင်းအဆိုနှင့်ပတ်သက်ပြီး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၄၀၊ ကန့်ကွက်မဲ ၅၀ ဖြစ်၍ အဆိုကို သဘောတူကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ပြီးခဲ့သည့် အစိုးရလက်ထက် ၂၀၁၄ခုနှစ်၊ ဩဂုတ် ၂၈ရက်က တရားဝင် တည်ထောင်လိုက်သည့် မိုက်ကာ(MICA)သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလိုက်သည့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနပိုင် လယ်မြေများ၊ ငါးကန်များ၊ စက်ရုံများအပါအဝင် နိုင်ငံပိုင်ခြံမြေနှင့် စက်ရုံဝင်း ၆၆ခုထက်မနည်း ငှားရမ်းထားသည်ဟု Frontier မဂ္ဂဇင်းက၂၀၁၆ စက်တင်ဘာလတွင် ဖော်ပြခဲ့သည်။

မိုက်ကာ၏ စီမံမှုဖြင့် မြေဧရိယာ ၁၈၉၉ဒဿမ ၉၄ဧကထက်မနည်းကို ဦးသိန်းစိန်အစိုးရ သက်တမ်းပြီးခါနီးကာလအတွင်း ပုဂ္ဂလိကကုမ္ပဏီများထံ အငှားချထားပြီး မြေကွက်များ၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာသန်း ရာချီရှိသည်ဟုလည်း Frontier က ခန့်မှန်းရေးသားခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required