ပါကစ္စတန်ရှိ အာဖဂန်ကောင်စစ်ဝန်ရုံးအတွင်း လုံခြံုရေးအစောင့်က သံအမတ်ကို ပစ်သတ်

ပါကစ္စတန်ရှိ အာဖဂန်ကောင်စစ်ဝန်ရုံးအတွင်း လုံခြံုရေးအစောင့်က သံအမတ်ကို ပစ်သတ်

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၆ ။           ။ ပါကစ္စတန်နိုင်ငံ ကရာချိမြို့တော်ရှိ အာဖဂန်နစ္စတန် ကောင်စစ်ရုံးအတွင်း အာဖဂန်လုံခြုံရေးအစောင့်တစ်ဦးက အာဖဂန်သံအမတ်ကို ပစ်သတ်ခဲ့မှုဖြစ်ပွားကြောင်း တာဝန်ရှိသတင်းရင်းမြစ်က ဖေဖော်ဝါရီ ၆ ရက်မှာ ပြောပါတယ်။

“အာဖဂန်နစ္စတန်ကောင်စစ်ရုံးချုပ်အတွင်းမှာ နေ့လယ် ၁၂ နာရီခွဲလောက်က ပစ်ခတ်မှု ဖြစ်ပွားတာပါ။ အာဖဂန်အစောင့်တစ်ယောက်ကပဲ ပစ်ခတ်လို့  အာဖဂန်သံအမတ်တစ်ဦး သေဆုံးခဲ့ရပါတယ်။”ဟု ပါကစ္စတန်နိုင်ငံဆိုင်ရာ အာဖဂန်သံအမတ်ကြီး အိုမာဇာခါလီဝါက သူ့ရဲ့ တရားဝင်ဖေ့ဘုတ်မှာ ရေးသားပါတယ်။

ပုဂ္ဂိုလ်ရေးအခြေအတင်ကိစ္စရပ်ကြောင့် ခုလိုပစ်ခတ်ခြင်း ဖြစ်ပုံရကြောင်း အိုမာက ပြောပါတယ်။

ကောင်စစ်ဝန်ရုံးက တတိယအတွင်းဝန် မိုဟာမတ်ဇာကီအဒူကို အစောင့်က ပစ်သတ်ခဲ့ခြင်းဖြစ်တယ်လို့ ပါကစ္စတန်ရဲဌာန လက်ထောက်ထောက်လှမ်းရေးချုပ် အဇက်ခန်းက EFE သတင်းဌာနကို ဖြေပါတယ်။

လူသတ်မှုဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် အကြမ်းဖက်တိုက်ခိုက်မှုတော့ မဖြစ်နိုင်ကြောင်း ၎င်းက ဆိုပါတယ်။

ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ခြင်း မဟုတ်ကြောင်း အဇက်ခန်းက အလေးအနက်ပြောပါတယ်။

ပစ်သတ်တဲ့ အစောင့်ကို ပါကစ္စတန်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ဖြစ်ပွားရာနေရာမှာ သံတမန်ရပ်ကွက်လည်းဖြစ်တာကြောင့် ရဲအစောင့်အကြပ်တွေ ချထားပါတယ်။

ပါကစ္စတန်ပိုင်နက်မှာ အာဖဂန်သံအမတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးက ဖြစ်ခဲပေမယ့် အာဖဂန်က ပါကစ္စတန်သံတမန်ရေးရာ ရုံးတွေအတွက်မူ ပစ်မှတ်ထားခြင်းများ ခံရပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်ခန့်က အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ ရှိတဲ့ ပါကစ္စတန်ကောင်စစ်ရုံးနဲ့ ဧည့်ရိပ်သာတစ်ခုကို အစွန်းရောက်အိုင်အက်စ်အဖွဲ့ တိုက်ခိုက်ခဲ့လို့ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ခုနစ်ဦးနဲ့ အသေခံတိုက်ခိုက်ရေးသမား သုံးဦး သေဆုံးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required