ဘတ်စ်ကားစနစ် အပြောင်းအလဲ လူထုကိုအကျိုးပြုပါက အချို့အရာများကို ဥပက္ခာပြုရမှာဖြစ်ကြောင်း ပြော

ဘတ်စ်ကားစနစ် အပြောင်းအလဲ လူထုကိုအကျိုးပြုပါက အချို့အရာများကို ဥပက္ခာပြုရမှာဖြစ်ကြောင်း ပြော
ဓာတ်ပုံ-သက်ကို

ရန်ကုန်၊ဖေဖော်ဝါရီ ၆ ။            ။ ဘတ်စ်ကားစနစ် အပြောင်းအလဲက ပြည်သူလူထုကို တကယ်အကျိုးပြုပါက အချို့အရာများကို  ဥပက္ခာပြုရမှာဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

UMFCCI တွင် ယနေ့( ဖေဖော်ဝါရီ ၆ ရက်)တွင် ပြုလုပ်သည့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ဘေးကင်းလုံခြုံရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောသွားခဲ့ခြင်းဖြစ်သည်။

“အပြောင်းအလဲက ပြည်သူလူထုကို တကယ်အကျိုးပြုတယ်ဆိုရင်တော့ တချို့ဟာတွေကို ဥပက္ခာပြုရမှာပေါ့။ ရန်ကုန်မြို့ရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်မှာ ဘတ်စ်ကားက အရေးကြီးဆုံးပဲ။ ဘတ်စ်ကားစနစ် အောင်မြင်မှကိုဖြစ်မှာ။ အောင်မြင်ဖို့အတွက် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကလည်း အရမ်းအရေးကြီးတယ်။ကျွန်တော်ထင်တာတော့ ဒီဘတ်စ်ကားစနစ်က နောက် ၃၊ ၄လဆိုရင် သိသိသာသာပြောင်းလဲလာမယ်လို့ ထင်ပါတယ်”  ဟု ဒေါက်တာမောင်အောင်က ပြောသည်။

ရန်ကုန်ဘတ်စ်ကားစနစ်သစ်၏ အဓိကရည်ရွယ်ချက် ၃ ခုတွင် ပထမဦးစားပေးက ဘေးကင်းလုံခြုံရေးဖြစ်ကြောင်း၊ ဒုတိယဦးစားပေးက သက်သောင့်သက်သာဖြစ်ရေးဖြစ်ပြီး တတိယဦးစားပေးက လိုရာခရီးကို ကုန်ကျစရိတ် သက်သာစွာဖြင့် လွယ်လွယ်ကူကူရောက်ရှိရေး ဖြစ်ကြောင်းဒေါက်တာမောင်အောင်က ပြောသည်။

လက်ရှိအချိန်တွင် မှတ်တိုင်များကို အဆင့်မြှင့်တင်ရန် ပြည်ပကုမ္ပဏီများကို တင်ဒါခေါ်ထားကြောင်း သိရပြီး သတင်းအချက်အလက်များအလွယ်တကူသိရှိနိုင်အောင် ဦးစားပေးပြီး မှတ်တိုင်များကို အဆင့်မြှင့်တင်သွားမည်ဟု ၎င်းက ပြောသည်။

“ တင်ဒါနဲ့ ဆောက်မယ့်မှတ်တိုင်က ရိုးရိုးမှတ်တိုင် မဟုတ်ဘူး။ ကြော်ငြာဘုတ်နဲ့ မဟုတ်ဘူး။ သူက သတင်းအချက်အလက်ကိုအခြေခံတဲ့ နည်းပညာအခြေပြုတဲ့ မှတ်တိုင်တွေ ဖြစ်လာမှာ။    နောက်တစ်ခုက ဖုန်းတွေအားသွင်းတာကအစ။ အဲဒါမျိုးတွေ အကုန်ပါမယ်။ ဒါမို့လို့လည်း ခေါ်တာကိုက နိုင်ငံတကာ တင်ဒါနဲ့ခေါ်တာ ” ဟု ဒေါက်တာမောင်အောင်က ပြောသည်။

မှတ်တိုင်သစ်များ ဆောက်လုပ်ပြီးစီးမည့်အချိန်ကို မသိရသေးဘဲ တစ်နှစ်အတွင်း ပြီးစီးအောင် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly