ညီအစ်ကို မသိတသိ

ညီအစ်ကို မသိတသိ
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

၂၀၁၆ ခုနှစ်ရဲ့ နောက်ဆုံးနေ့မှာ မြန်မာသံ အဆိုရှင်တစ်ယောက်ရဲ့ ဂီတဖျော်ဖြေပွဲတစ်ခုကို မောင်မှန် ကြည့်ဖြစ်တယ်။ မြန်မာသံစစ်စစ်တွေ မကြားရတာ ကြာပြီမို့ အတော် အရသာရှိပါတယ်။ အဲဒီပွဲမှာ နာမည်ကျော်တယောဆရာကြီးတစ်ယောက် ဧည့်သည်တော်အနေနဲ့ လာရောက် တံယောထိုးပါတယ်။ ဒီဆရာကြီးကို မောင်မှန် ငယ်ငယ်ကတည်းက ကောင်းကောင်း သိပါတယ်။ ၈၈ အရေးတော်ကြီး ပြီးခါစမှာ ဒီဆရာကြီးက ဒီမိုကရေစီရမှ ငါဆံပင်ဖြတ်မဟေ့လို့ သူ့အသိုင်းအဝိုင်းမှာ ကြေညာပြီး ဆံပင်ရှည် ထားခဲ့တာကိုလည်း အမှတတ်ရနေမိပါတယ်။ ဆရာကြီး ဆံပင်တွေ အတော်ရှည်ခဲ့ပါတယ်။ ၈၈ နောက်ပိုင်းနှစ်တွေမှာ မောင်မှန်လည်း ဟိုရောက်၊ ဒီရောက် ရောက်ချင်ရာတွေ လျှောက်ရောက်ရင်း ဆရာကြီး ပွဲတွေနဲ့ အလှမ်းဝေးခဲ့ပါတယ်။ နှစ်တွေကြာလို့ ပြန်တွေ့တဲ့အခါ ဆရာကြီး ဆံပင်တွေ ဖြတ်ထားပြီးပါပြီ။ ဒီမိုကရေစီရလို့ ဖြတ်တာမဟုတ်တာတော့ သေချာပါတယ်။ သန္နိဌာန် မဖျက်စတမ်း ဆက်ထားမယ်ဆိုရင်လည်း ဆရာကြီးတစ်ကိုယ်လုံး ဆံပင်တွေ ဖုံးပြီး လူလုံးတောင် ပျောက်လုလု ဖြစ်မှာပါ။ နောက်ထပ် နှစ်တွေထပ်ကြာပြီး ဒီပွဲမှာ ဆရာကြီးကို ပြန်တွေ့တော့လည်း ဆရာကြီးဟာ ဆံပင်တိုတိုပါပဲ။ ပုံမှန်ဆံပင်ညှပ်ဖြစ်နေတယ်လို့ ယူဆရပါတယ်။ ဒီအချိန်မှာတော့ ဆရာကြီး ဆံပင်ဖြတ်တာ ဒီမိုကရေစီ ရလို့လား၊ မရလို့လားဆိုတာ မောင်မှန်လည်း သေချာ မပြောနိုင်တော့ပါဘူး။

ဒီမိုကရေစီအရေး၊ ပြည်သူ့အရေး၊ ကျောင်းသားအရေး စတာတွေမှာ ရှေ့တန်းက အမြဲပါဝင်လေ့ရှိတဲ့ တက္ကသိုလ်ကြီးတစ်ခုရဲ့ နှစ်လည်မဂ္ဂဇင်းတစ်စောင် မကြာမီ ထွက်ရှိလာပါတယ်။ ပါဝင်ရေးသားကြသူတွေထဲမှာ အဲဒီတက္ကသိုလ်ဆင်း (မောင်မှန်နဲ့ ညီအစ်ကိုလိုနေတဲ့) ကဗျာဆရာ စေတလည်း ပါပါတယ်။ တစ်ရက် ကိုစေတနဲ့ မောင်မှန် ဆုံကြတော့ ကိုစေတက ပြောပါတယ်။ အဲဒီမဂ္ဂဇင်းမှာပါတဲ့ သူ့ဆောင်းပါက စာသားအချို့ ဖြုတ်ပါယ်ခံရတယ်တဲ့။ စာပေစိစစ်ရေးမရှိဘဲ အဖြုတ်ခံရတယ်ဆိုတော့ မောင်မှန် အတော် အံ့အားသင့်သွားပါတယ်။ ကိုစေတကိုလည်း မေးခွန်းထုတ်မိတယ်။ ပုဂ္ဂိုလ်ရေး ထိခိုက်စရာများ ပါလို့လားပေါ့လေ။ (ကိုစေတ ပုဂ္ဂိုလ်ရေးဆန်တာတွေ မရေးတက်တာ သိပေမဲ့ ပြည့်စုံအောင်မေးရတာပါ) မပါပါဘူးတဲ့။ သမိုင်းဆိုင်ရာ ခံစားမှုကိုသာ ရေးတာပါလို့ ကိုစေတက ပြန်ဖြေတယ်။ ကိုစေတ ဆောင်းပါးထဲမှာ ထည့်သွင်းရေးသားခဲ့တဲ့ မှိုင်းရာပြည့် ခေါင်းဆောင်ဟောင်းတစ်ယောက် (အဲဒီတက္ကသိုလ်ကပဲ) ကဗျာဆိုရင် တစ်ပုဒ်လုံးတောင် ပယ်လိုက်တာလို့ ကိုစေတက သူသိသမျှ ဆက်ပြောပါတယ်။ ဘာဖြစ်လို့လဲလို့ မောင်မှန်က မေးတော့ စီစဉ်သူတွေထဲမျာ လူဟောင်းတစ်ချို့ ပါနေလို့ဖြစ်မှာတဲ့။ ဘယ်လိုလူဟောင်းလဲ မေးတော့ မဆလခေတ်က လူဟောင်းတွေလို့ ကိုစေတက ဖြေပါတယ်။ မောင်မှန်လည်း အော်တစ်လုံးသာ အော်နိုင်ပါတော့တယ်။

နိုဘယ်၊ မြန်မာ စာပေပွဲတော် (ရသစာပေ) ဖွင့်ပွဲအခမ်းအနားမှာတော့ နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်က ခုလို အမှာစကား ပြောကြားသွားခဲ့ပါတယ်။ "စာပေမြန်နိုးသူများခင်ဗျာ၊ ယနေ့ မြန်မာနိုင်ငံဟာ အားလုံးသိကြတဲ့အတိုင်း သူတစ်ပါးကို မထိခိုက်စေဘဲ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့် နိုင်ငံသားအားလုံးရဲ့ လွတ်လပ်ခွင့်နဲ့အတူ စာပေလွတ်လပ်ခွင့်ဆိုတာလည်း ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုတိုးတက် ရရှိလာတဲ့ စာပေလွတ်လပ်ခွင့်ကို အခြေခံပြီး ကျနော်တို့နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုနဲ့ ငြိမ်းချမ်းရေး ဝိုင်းဝန်းတည်ဆောက်နိုင်ပါစေလို့ အခုလို မင်္ဂလာရှိတဲ့ နိုဗယ်-မြန်မာ စာပေပွဲတော်ကြီးမှာ နှိုးဆော် ဆုမွန်ကောင်း တောင်းရင်း နိဂုံးချုပ်ပါတယ်" တဲ့။ မောင်မှန်လည်း အော်ပြီးရင်း အော်ပေါ့။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို ပြင်ရန်အလို့ငှာ ပြည်ခိုင်ဖြိုး အစိုးရလက်အောက်မှာ နည်းလမ်းအသွယ်သွယ်နဲ့ ကြိုးပမ်းခဲ့ကြပုံတွေကို ပြည်သူများ မမေ့ကြသေးဘူး ထင်ပါတယ်။ အခု အာဏာရပါတီကလည်း ဒါပဲ။ ၈၈ ပွင့်လင်းကလည်း ဒါပဲ။ ဒီမိုကရေစီ အင်အားစုအားလုံးကလည်း ဒါပဲ၊ ဒါမှဒါပဲ။ ပြင်မယ်ဖျက်မယ် တကဲကဲပဲ။ လက်မှတ်ငါးသိန်းတောင် ရခဲ့တာ နည်းမှတ်လို့၊ အခုလည်းကျရော ဒီအသံတွေ မကြားရပြန်ဘူး။ (၂၀၀၈ ကလည်း အပျိုရည်မပျက် ပန်းပန်လျှက်ပဲ)

ပြင်မရ၊ ဖျက်မရတဲ့ အတူတူတော့ တထူးပါဘူး။ ဒီအိမ်အို အိမ်ဟောင်းထဲ ကိုယ်ပါဝင်နေလိုက်တော့မယ်ဆိုတဲ့ အသံမျိုးပဲ ကြားရပါတော့တယ်။ "ဒီနေ့ ဆွေးနွေးပွဲကနေပြီး ပါတီတစ်ခု တည်ထောင်ဖို့ သဘောတူညီတဲ့ အချက်တွေ ရခဲ့တယ်။ အဓိကကတော့ ၈၈ မျိုးဆက်တွေတင်မကဘဲ၊ ဒီနေ့ သမဂ္ဂလုပ်နေတဲ့ ကျောင်းသားတွေကလွဲလို့ စိတ်ဝင်စားတဲ့ လူငယ်ကျောင်းသားတွေ ၆၂ တို့ ၇၄-၇၅ တို့က နိုင်ငံရေးသမားတွေ၊ ပြည်တွင်းပြည်ပ နိုင်ငံရေးသမားတွေ အားလုံး ပါဝင်ကြပြီး တိုင်းပြည်ရဲ့ လိုအပ်ချက်ကို ဖြည့်နိုင်တဲ့ Standard ဖြစ်တဲ့ ပါတီတစ်ခုဖြစ်ဖို့ ဆွေးနွေးပြီး သဘောတူခဲ့ကြတာပါ။" လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုသက်ထွန်းက ဇန်နဝါရီလ (၁၄) ရက်က တော်ဝင်နှင်းဆီမှာ ပြုလုပ်တဲ့ အနာဂတ် နိုင်ငံတော်နဲ့ နိုင်ငံရေးပါတီ အခန်းကဏ္ဍ (Open Talk)ဆွေးနွေးပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ပါတီတွေထောင်ပြီး ရွေးကောက်ပွဲတွေဝင်ကြ၊ အနိုင်တွေရကြနဲ့ စိတ်ကူးပဲရိုက်လိုက်တာကတော့ ကုလားသုံးကောင်ချည်း အလှည့်တိုင်း ကျပြီး တစ်ဝိုင်းလုံးကို အမြဲတမ်း စားနေတာပါ။ အခုခေတ် စားနေတဲ့ စကား မြေပြင်အခြေအနေ(လက်တွေ့)မှာတော့ (လွှတ်တော်ထဲရောက်တယ်ပဲထားဦး) ကျမ်းကျိန်တဲ့အခါ ၂၀၀၈ ကို လေးစားလိုက်နာလား၊ ထိန်းသိမ်းကာကွယ်လား ဘာဆိုရမလဲဆိုတာနဲ့တင် အူချာပေါက်သွားနိုင်ပါတယ်။ နဂိုရ်နေမယွင်းတဲ့ ၂၀၀၈ အောက်မှာ တစ်ခုခု လုပ်နိုင်တန် ကောင်းရဲ့လို့ ကိုယ့်ကိုကိုယ် အထင်ရောက်နေတာဟာ ဒီမိုကရေစီ မသိတသိပါခင်ဗျာ။ ကျောက်စလစ်တော မာခေါင်ခေါင်မှာ အတောင်ကျွတ်သော ကြိုးကြာ ရေရှာမရသကဲ့သို့ဆိုတဲ့ ဆရာမောင်သာရရဲ့ ဝတ္ထုခေါင်းစဉ်ကို လွမ်းမိပါသေးခင်ဗျား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly